ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာတွင် ရွာတွင်းလမ်းအရှည်ပေ ၁၄၀၀၀ ကျော်ထိ အဆင့်မြှင့်တင်‌ပေးနိုင်ခဲ့

ဝန်းသို စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ ရွာတွင်းလမ်းအရှည်ပေ ၁၄၀၀၀ ကျော်ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူးထံမှ သိရသည်။

 

ထိုသို့ ကွန်ကရစ်လမ်းခင်း​​ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဖီလေးကျေးရွာနှင့် ညောင်ကိုင်းကျေးရွာတို့တွင် လမ်းအရှည်ပေ ၇၀၀ စီ၊ ဆည်ကြီး (ရွာဟောင်း) ကျေးရွာနှင့် အင်္ဂါးကျေးရွာတို့တွင် လမ်းအရှည်ပေ ၁၀၀၀ စီ၊ ထန်းတော၊ ဆည်ကြီး (ရွာသစ်) ညောင်အင်း၊ မှန်လွှဲကုန်းနှင့် လေဘိုကျေးရွာတို့တွင် လမ်းအရှည်ပေ ၁၁၀၀ စီ၊ ကျွန်းကုန်းနှင့် မင်းကုန်း ကျေးရွာတို့တွင် လမ်းအရှည်ပေ ၁၂၀၀ စီ၊ ငါးရံ့ချောင်းကျေးရွာတွင် လမ်းအရှည်ပေ ၁၃၀၀ နှင့် ရွာသာကျေးရွာတွင် လမ်းအရှည်ပေ ၁၅၀၀ စုစုပေါင်း ကျေးရွာတွင်းလမ်း အရှည်ပေ ၁၄၁၀၀ ထိ အဆင့်မြှင့်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

 

VDP ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းသည် စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေ ပူးပေါင်းပါဝင်သော စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရသော စီမံကိန်းဖြစ်ပြီး အဆိုပါစီမံကိန်း ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း ၂၅ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ စီမံကိန်းဝင်ကျေးရွာပေါင်း ၁၂၀ ထိ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင်