ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၂၁ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ထောက်ပံ့ငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည်

ဝန်းသို     ၂၁   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ထောက်ပံ့ငွေဖြင့် ဝန်းသို မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း၂၁ ရွာတို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။

 

အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများအနက် ပေါက်ကုန်းကျေးရွာ၊ အနောက်စက် ကျေးရွာ၊ စကြာမောင်ကျေးရွာနှင့် အင်ပင်ကျေးရွာများ၌  ယမန်နေ့က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) အကြောင်း မိတ်ဆက်ရှင်းလင်းပွဲကို  တာဝန်ရှိသူများက ကွင်းဆင်း၍ ပြုလုပ်ခဲ့ကြသည်။

 

စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင် ဝင်းက အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦ:မြတ်မျိုးထွန်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၏အဓိပ္ပာယ်၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ ၏ လုပ်ငန်းတာဝန်များ၊ ရင်းနှီးမြုပ်နှံမှုအစီအစဉ်နှင့် လုပ်ငန်းစဉ်များအကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရင်းနှီးမြုပ်နှံမှုငွေကျပ်သိန်း ၁၀ဝ ပံ့ပိုမှုဖြင့် သြဂကျေးရွာ၊ မယ်ဇလီကျေးရွာ၊ ကျောက်ပေါက်ခုံကျေးရွာ၊ ဝင်းကြီးကျေးရွာ၊ ဒီးဒုတ်ကုန်းကျေးရွာ၊ ဒုံးဒုတ်ကျေးရွာ၊ ဝက်တူးကျေးရွာ၊ ဘုရား တောင်ကျေးရွာ၊ မြောက်ကုန်းကျေးရွာ၊ ကောင်းကွေ့ ကျေးရွာ၊ အင်ပင်ကျေးရွာ၊ အင်ခုံကျေးရွာ၊ သရက်ကုန်း ကျေးရွာ ၊ ရေတွင်းကုန်းကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာ၊ လယ်ကျင်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ မကျည်း ပင်ကျေးရွာ၊ ကျောက်ကြီး ကျေးရွာ၊ အနောက်စက်ကျေးရွာနှင့် စကြာမောင်ကျေးရွာတို့တွင် ကျေးရွာပြည်သူ များကိုယ်တိုင်စီမံခန့်ခွဲ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)