ဝန်ထမ်းဟောင်းခုနစ်ဦးရဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ ကင်ကာဒါးရှီးရန်း

ကျော်ကြားတဲ့ ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ကင်ကာဒါးရှီးရန်းဟာ ယခင်က သူ့ဆီမှာ အလုပ်လုပ် ခဲ့ကြတဲ့ဝန်ထမ်းစုစုပေါင်း ခုနစ်ဦးရဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရကြောင်းနဲ့ ဒီလိုတရားစွဲဆိုထားတာဟာ လုပ်ခငွေ ပေးဖို့ကျန်ရှိနေတာ၊ အချိန်ပိုလုပ်အားခတွေ ရရှိခဲ့ခြင်းမရှိတာကြောင့် တရားစွဲဆိုထားတာဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ကင်ကာဒါးရှီးရန်းကို သူ့ရဲ့ ဟစ်ဒန်းဟေး အိမ်ကြီးမှာ အလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်းဟောင်းတွေက မေ ၂၄ ရက်က လော့စ်အိန်ဂျလိစ်မှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ကင်ကာဒါးရှီးရန်းဟာ လုပ်ခလစာပေးဖို့ နောက်ကျခဲ့တာ၊ လုပ်ခရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ဆောင်ဖို့အတွက် ဖြတ်တောက်ခဲ့တာကြောင့် တရားစွဲဆိုခံထားရတာလည်း ဖြစ်ပါတယ်။

နယူးယောက်ပို့စ်ရဲ့ ဖော်ပြချက်အရ ကင်ကာဒါးရှီးရန်းဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ တန်ကြေးရှိတဲ့ အဆိုပါ နေအိမ်ကြီးမှာ အလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေကို လုပ်ခလစာပေးဖို့ကျန်နေကာ အချိန်ပိုကြေး တွေလည်း ပေးခဲ့ခြင်းမရှိဘူးလို့ အဆိုပါအိမ်ကြီးမှာ အလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်းခုနစ်ဦးက စွပ်စွဲထားပါတယ်။ ဒါ့အပြင် ၎င်းအလုပ်သမားတွေ ပြောကြားချက်အရ အဆိုပါအိမ်ကြီးမှာ အလုပ်လုပ် စဉ် အစားစားဖို့တောင် အားလပ်ချိန်မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ကင်ကာဒါးရှီးရန်းရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ယခုလို တရားစွဲဆိုခံထားရတာဟာ ကင်ကာဒါးရှီးရန်း နဲ့ ပတ်သက်မှုမရှိကြောင်း၊ အဆိုပါ အလုပ်သမားတွေကို ကုမ္ပဏီတစ်ခုက ငှားရမ်းစာချုပ်ချုပ်ကာ အလုပ်သမားတွေနဲ့ပတ်သက်ပြီး အဆိုပါကုမ္ပဏီဘက်ကသာ စီစဉ်ဆောင်ရွက်တာဖြစ်တယ်လို့  ဆိုပါတယ်။

အေးပြည့်