ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်

၃၁  ဇူလိုင်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝအဆင်ပြေ ချောမွေ့စေရေး၊ အုပ်ချုပ်မှုယန္တရား တည့်မတ်မှန်ကန် ခိုင်မာအားကောင်း လာစေရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံကို တာဝန်ယူသောအစိုးရ မည်မျှကောင်းမွန်စေကာမူ နိုင်ငံ့ဝန်ထမ်းများကောင်းမှသာ အလုံးစုံကောင်းမွန်သောနိုင်ငံ ဖြစ်ပေလိမ့်မည်။

နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် နိုင်ငံ့ဝန်ထမ်းများရှိကြပါသည်။ နိုင်ငံ၌ ဝန်ထမ်းပါဝင်မှုနည်းခြင်း၊ များခြင်းတို့သာ ကွာခြားကြ၍ ထိုနိုင်ငံ၏ဘဏ္ဍာ လစာရိက္ခာတို့ကို ခံစားကြပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသူများ အားလုံးတို့ကို နိုင်ငံ့ဝန်ထမ်းများဟု ခြုံငုံခေါ်ဆိုရမည်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံ့ဝန်ထမ်းများအားလုံးတို့သည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးများကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။

ပြည်ထောင်စုရာ ထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်းဆိုင်ရာ အာဆီယံဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းများအတွက် ကောင်းသောအကျိုးရလဒ်ကောင်းများဖြစ်စေပြီး နိုင်ငံဖွံ့ဖြိုးရေးတွင်လည်း ပိုမိုကောင်းမွန်မှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။

အထက်တွင်ဆိုသကဲ့သို့ နိုင်ငံကောင်းမွန်ရေးကို ကြိုးပမ်းဆောင်ရွက်ရာ၌ နိုင်ငံ့ဘဏ္ဍာငွေ လစာရိက္ခာ ခံစားနေသူများအားလုံး အကျုံးဝင်သည်ဖြစ်၍ ဝန်ထမ်းများအားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရေးသာမက လုပ်ကိုင်ဆောင်ရွက်မှုအပိုင်းများတွင်ပါ ခေတ်ကာလ အခြေအနေအလိုက် လိုက်လျောညီထွေဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည်တို့ကို ဝန်ထမ်းကဏ္ဍ နယ်ပယ်အားလုံး ဖြန့်ကြက်လှုပ်ရှားဆောင်ရွက်သင့်ပေသည်။

အစိုးရတို့မည်သည် ခေတ်ကာလအချိန်သက်တမ်းအလိုက် အမျိုးမျိုးပြောင်းလဲဖြစ်ပေါ်နေတတ်ပြီး နိုင်ငံ့ဝန်ထမ်းတို့မည်သည် ခေတ်ကာလသက်တမ်းများ ပြောင်းလဲလာသော်လည်း ဝန်ထမ်းများ၏ သတ်မှတ်ထားသော အသက်ကာလပြီးဆုံးသည်အထိ အချိန်ကြာမြင့်စွာ ထမ်းဆောင်ကြရသည့် သူများဖြစ်သည်။ ထို့ကြောင့် ခေတ်စနစ်အချိန်ကာလနှင့်ရေစီးကြောင်းများ ပြောင်းလဲလာသော်လည်း မပြောင်းလဲသောဝန်ထမ်းများနှင့် မပြောင်းလဲသော အုပ်ချုပ်စီမံခန့်ခွဲမှုစနစ်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင် စိတ်အားထက်သန်တက်ကြွစွာ ဝန်ဆောင်မှုပေးခြင်းတွင် သီအိုရီနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းမှ ထိုးထွင်းသိမြင်ခြင်းကိုဖြစ်စေခြင်းအပြင် ဝန်ထမ်းများ စိတ်အားထက်သန် တက်ကြွလာစေရေးအတွက် အားပေးထောက်ကူပေးသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းနှင့် ခေတ်နှင့်လျော်ညီသည့် ခေတ်မီလူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်များ တိုးတက်ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံမှ ဝန်ထမ်းများအား စိတ်ဓာတ်နှင့်စွမ်းရည် မြင့်မားတိုးတက်ရေးကို ဆောင်ကြဉ်းပေးရာတွင် ဝန်ထမ်းများကိုယ်တိုင် အသိစိတ်ဓာတ်မြင့်မားနေရန် လိုအပ်သကဲ့သို့ အထက်အဆင့်ဆင့်တို့ အနေဖြင့်လည်း ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲ ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်သည်။ အထူးသဖြင့်တာဝန်ယူမှု၊ တာဝန်ခံမှုအသိစိတ်ဓာတ်များ ဝန်ထမ်းအဆင့်ဆင့်တွင် ပြန့်ပွားလာအောင် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို မျှတစွာဖြန့်ကြက်ခွဲဝေ ပေးထားရမည်ဖြစ်သည်။ မျက်မှောက်ကာလသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသောကာလဖြစ်၍ မိမိတို့လုပ်ကိုင်ရမည့် လုပ်ငန်းများကိုမိမိတို့ကိုယ်ပိုင်တီထွင်ကြံဆမှုဖြင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရန်ကိုလည်း ဖန်တီးဖော်ဆောင်ပေးရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဝန်ထမ်းများအားလုံး စိတ်အားထက်သန်စွာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ပြီး ပြည်သူ့အကျိုးများကို အပြည့်အဝသယ်ပိုး ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်များ မြင့်မားတိုးတက်ရေးနှင့် ဝန်ထမ်းများအားလုံးအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဖော်ဆောင်ပေးခြင်းဖြင့် ဝန်ထမ်းကောင်းပြီး နိုင်ငံကောင်းမွန်လာမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ