ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်

နိုင်ငံတော်အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံ ချောမွေ့စွာ လည်ပတ်နိုင်အောင် နိုင်ငံတော် ဘဏ္ဍာငွေကို နှစ်စဉ်ကျခံသုံးစွဲရသည်။ ဘဏ္ဍာငွေများ ကျခံသုံးစွဲနိုင်အောင် နိုင်ငံတော်၏ အခွန်အခငွေများကို အဓိကအားထားရာ၌ နိုင်ငံတော်မှ ရရှိသည့် အခွန်ငွေစုစုပေါင်း၏ ခြောက်ပုံ တစ်ပုံကို နိုင်ငံ့ဝန်ထမ်းပင်စင် ရန်ပုံငွေအတွက် အသုံးပြုသည်။

 

မြန်မာနိုင်ငံတွင် ပင်စင်စားဦးရေ တစ်သန်းနီးပါးရှိသည်။ နှစ်စဉ် ဝန်ထမ်းပင်စင်နှင့် လုပ်သက်ဆုကြေး အသုံးစရိတ်အတွက် မြန်မာငွေကျပ် ၁ ဒသမ ၁ ထရီလီယံခန့် သုံးစွဲလျက်ရှိသည်။ ပင်စင် အသုံးစရိတ်သည် နိုင်ငံ၏ စုစုပေါင်းအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံ ဂျီဒီပီ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံတွင် အသက် ၆၀ ပြည့်လျှင် အငြိမ်းစားယူရပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအရ အသက် ၆၀ မပြည့်သေးသော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နှစ်အလိုက် အငြိမ်းစားယူနိုင်ခွင့်ရှိသဖြင့် ပင်စင်စား ဝန်ထမ်းဦးရေမှာ နှစ်စဉ်တိုးတက်နေသည်။

 

ပင်စင်စားဦးရေသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ငါးသိန်းကျော်၊ ၂၀၁၃-၂၀၁၄ တွင် ခြောက်သိန်းကျော်၊ ၂၀၁၆-၂၀၁၇တွင် ခုနစ်သိန်းကျော်နှင့် ယခုအခါ တစ်သန်းနီးပါး ဖြစ်လာသည်။ လက်ရှိပင်စင်စနစ်သည် နိုင်ငံ့ ဘဏ္ဍာငွေမှ ကျခံရသည့် စနစ်ဖြစ်ရာ ပင်စင်ဦးရေ များလာသည်နှင့်အမျှ အစိုးရအနေဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။ တစ်ဖက်တွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်ကို အသိအမှတ်ပြုသော အားဖြင့်လည်းကောင်း၊ စားဝတ်နေရေး ပြေလည်ရေးကို ထောက်ရှုသောအားဖြင့်လည်းကောင်း ပင်စင်လစာနှင့် ဆုကြေးငွေကို မဖြစ်မနေ ဆောင်ရွက်ပေးနေသည်။ ။

 

ထိုပြဿနာကို အဖြေရှာနိုင်ရန် နိုင်ငံတကာမှ ပင်စင်စားများအား အစိုးရက ထောက်ပံ့ပေးနေမှု အခြေအနေကို လေ့လာ၍ မြန်မာနိုင်ငံတွင်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအဖွဲ့ကို ယမန်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးဆွဲ ဆောင်ရွက်ကာ ရှေ့ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည် ဖော်နိုင်အောင် ရည်မှန်းထားကြောင်း သိရသည်။ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ တည်ထောင်သည့်စနစ်သည် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ယူသောအခါ နောင်ရေးအတွက် စိတ်အေးစေရန်နှင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ ကျခံသုံးစွဲရမှု အခြေအနေကို ရေရှည်တည်ငြိမ်စွာဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်စေရန်အတွက် သုံးသပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

နောင်လာမည့် ဆယ်စုနှစ်များတွင် ပင်စင်အသုံးစရိတ်မှာ အလွန်များပြားလာမည်ဖြစ်၍ ယင်းကို အကောင်အထည် ဖော်ရခြင်းဖြစ်ပြီး အစိုးရနှင့် ဝန်ထမ်းတို့၏ ရာခိုင်နှုန်း အချိုးကျ ထည့်ဝင်မှုဖြင့် ရန်ပုံငွေ စုဆောင်းခြင်းဖြစ်ရာ လက်ရှိနိုင်ငံ့ ဝန်ထမ်းများကိုသာ အဓိက ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဖွဲ့ဝင်ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ အကျိုးခံစားခွင့် ရမည်ဖြစ်ပြီး ဥပဒေစတင် အတည်ပြုသည့်နေ့မှစ၍ ခန့်အပ်သည့်ဝန်ထမ်း အသစ်များ၊ ပင်စင်ခံစားခွင့် မရှိသေးသည့် ၁၀ နှစ်အောက် ဝန်ထမ်းများလည်း အကျုံးဝင်မည်ဖြစ်သည်။ ပင်စင်ခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ်ပြည့်ပြီး သူများမှာ လက်ရှိအတိုင်း ခံစားခွင့်ရရှိမည်ဖြစ်သည်။

 

ထိုသို့ ဆောင်ရွက်ခြင်းကြောင့် နှစ်ကြာလာသည်နှင့်အမျှ ယခင်စနစ်မှ ပင်စင်ခံစားသူများ တဖြည်းဖြည်း နည်းသွားပြီး စနစ်သစ်ဖြင့် ခံစားသူများ များလာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်ရာတွင် နိုင်ငံ့ဘဏ္ဍာငွေ ကျခံသုံးစွဲမှု၊ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးများ လျော့ကျစေရန်အတွက် နည်းလမ်း အမျိုးမျိုး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသည်ကို လက်တွေ့မြင်တွေ့ရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းအပိုင်းမှ ဝန်ထုပ်ဝန်ပိုးများ လျှော့ချခြင်းသည် လျော်ကန်သင့်မြတ်သည့် ဆောင်ရွက်မှုဖြစ်သည်။

 

သို့ဖြစ်ရာ လက်ရှိပင်စင်စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်အောင် ကြိုးပမ်းအားထုတ်မှုသည် နိုင်ငံ့ဝန်ထမ်းများသာမက ပုဂ္ဂလိကဝန်ထမ်းများပါ ဘဝနေရေး၊ သင့်တင့်သော ဝင်ငွေရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးနှင့် တစ်လုံးတစ်ခဲသော ငွေကြေးရရှိရေးအတွက် ဆောင်ရွက် ပေးခြင်းဖြစ်သည့်အပြင် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေ တောင့်တင်းခိုင်မာရေး အတွက်ပါ အထောက်အကူပြုမည်ဖြစ်၍ ထိုအစီအစဉ်ကိုကြိုဆိုရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ