ဝတ်မှုန်ကူးသတ္တဝါတို့၏အနာဂတ်

သီဟစည်သူ

        

ဝတ်မှုန်ကူးခြင်းသည် လူသားများနှင့် သဘာဝကုန်းနေ ဂေဟစနစ်နှစ်ခုလုံးတွင် အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် လူ့အသက် မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် များစွာအရေးပါလျက်ရှိကာ သဘာဝဂေဟစနစ်များကို စိုက်ပျိုးရေးထုတ်လုပ်မှု စနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးနေသည်။

 

ပျားများနှင့် ဝတ်မှုန်ကူး အင်းဆက်များသည် အစားအသောက်သီးနှံများ အပါအဝင် အပင်များစွာကို မျိုးပွားရန် ဝတ်မှုန်ကူး ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးနေသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော အစားအစာများသည် ဝတ်မှုန်ကူးသော ပိုးမွှား အင်းဆက်များကို တိုက်ရိုက်မှီခိုနေရသည်။ ကမ္ဘာတစ်ဝန်းရှိ ပင်မသီးနှံများ၏ ၇၅ ဒသမ ၇ ရာခိုင်နှုန်းခန့်သည် ဝတ်မှုန် ကူးသူများအပေါ် မူတည်ပြီး အင်းဆက်များ၏ စီးပွားရေးတန်ဖိုးသည် တစ်ကမ္ဘာလုံးတွင် စုစုပေါင်း သီးနှံထွက်ရှိမှုတန်ဖိုး၏ ၉ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ၏ အချက်အလက်များအရသိရသည်။ ထို့ကြောင့် ဝတ်မှုန်ကူးသူမရှိသော ကမ္ဘာသည် အစာမရှိသော ကမ္ဘာနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် ဒေသတွင်း ဂေဟစနစ်များ၏ ကျန်းမာရေးကို အချက်ပြသည့်အပြင် ပေါ်ပေါက်လာမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များအတွက် ကင်းစောင့်သူများအဖြစ်လည်း ဆောင်ရွက်ကြသည်။

 

ဂေဟစနစ်၏ ထောက်တိုင်

 

ဝတ်မှုန်ကူးခြင်းသည် ကျွန်ုပ်တို့၏ ဂေဟစနစ်၏ ထောက်တိုင်တစ်ခုဖြစ်သည်။ ဝတ်မှုန်ကူးသူများသည် လူသားများ၏ အာဟာရအတွက် အရေးပါသော သစ်သီးဝလံများနှင့် အစေ့များ၏ အရည်အသွေး ကြွယ်ဝမှုကို ပိုမိုအောင်မြင်စေသည်သာမက ဆေးဝါးများ၊ ဇီဝလောင်စာများ၊ ချည်နှင့် ပိတ်ချောကဲ့သို့ အမျှင်များနှင့် ဆောက်လုပ်ရေးပစ္စည်းများကို တိုက်ရိုက်ပံ့ပိုးပေးလျက်ရှိသည်။ ဝတ်မှုန်ကူးသူများသာ မရှိပါက ဂေဟစနစ်အတွင်း ချိတ်ဆက်လုပ်ဆောင်နေသော မျိုးစိတ်များနှင့် လုပ်ငန်းစဉ်များစွာ ပြိုလဲသွားမည် ဖြစ်သည်။

 

ပျားကောင်များသည် ဝတ်မှုန်ကူးသူများ၏ သံတမန်များပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပျားမျိုးစိတ် ၂၅၀၀၀ မှ ၃၀၀၀၀ ခန့်ရှိပြီး အများစုသည် ထိရောက်သော ဝတ်မှုန်ကူးပေးသူများ ဖြစ်ကြသည်။ ထို့အတူ ပိုးဖလံများ၊ အင်းဆက်ပိုးမွှားများနှင့် လိပ်ပြာများသည်လည်း ဝတ်မှုန်ကူးသည့် ဇီဝမျိုးစိတ်ဖြစ်ပြီး လင်းနို့များ၊ နို့တိုက်သတ္တဝါများဖြစ်သည့် မျောက်၊ ကြွက်၊ ရှဉ့်၊ ငှက်များနှင့် ကျောရိုးရှိ ဝတ်မှုန်ကူးသတ္တဝါများလည်း ပါဝင်သည်။

 

ဝတ်မှုန်ကူးသူများမရှိပါက စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များလည်း မရှိနိုင်ပါ။ ဝတ်မှုန် ကူးသူများ၏ ကွဲပြားမှု သည် သီးနှံအထွက်နှုန်းအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည်။ ပျားနှင့် အခြားသော ဝတ်မှုန်ကူး အင်းဆက်ပိုးမွှားများသည် ကမ္ဘာတစ်ဝန်း  ရှိ လယ်သမား နှစ်ဘီလီယံ၏ အစားအစာ ထုတ်လုပ်မှု၏ ၃၅ ရာခိုင်နှုန်းကို တိုးတက်စေသည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှု ကို အထောက်အပံ့ ဖြစ်စေလျက်ရှိသည်။ ဥပမာအားဖြင့် တောတောင်များအတွင်းရှိ ပျားဖွပ်ခြင်းဖြင့် ပျားရည်စုဆောင်းခြင်း သည် နိုင်ငံများစွာရှိ သစ်တောများအား မှီခိုနေသူများ၏ အသက်မွေးဝမ်းကျောင်း မှုအတွက် အရေးကြီးသော အစိတ်အပိုင်း တစ်ခုအဖြစ် ကျန်ရှိနေဆဲပင်ဖြစ်သည်။

 

ခေတ်မီပျားမွေးမြူရေး

 

ပျားရည် ထုတ်လုပ်ရေးအတွက် သဘာဝမှ ထုတ်လုပ်သည့်အပြင် မွေးမြူခြင်းဖြင့်လည်း ထုတ်လုပ်လျက်ရှိ သည်။ ကမ္ဘာပေါ်တွင် ခေတ်မီပျားမွေးမြူရေး စနစ်ကို ၁၈၅၁ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ စတင်လုပ်ကိုင်လာခဲ့ရာ ယခုအခါ ခေတ်မီ ပျားမွေးမြူရေးမှာ များစွာ အောင်မြင်ဖြစ်ထွန်း တိုးတက်လျက်ရှိ ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် ယခုထက်တိုင် ရှေးရိုးစဉ်လာအတိုင်း ပျားမွေးမြူလျက်ရှိနေပြီး ခေတ်မီပျားမွေးမြူရေးကို မြန်မာနိုင်ငံတွင် ၁၉၇၉ ခုနှစ်၌ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနက ကုလသမဂ္ဂ၊ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့၏ ပူးပေါင်းကူညီမှုဖြင့် ဥရောပပျားမျိုး ပျားအုံ ၃၅၀ ကို သြစတြေးလျနိုင်ငံမှ မှာယူပြီး ပျားမွေးမြူရေးကျွမ်းကျင်သူ ပိုလန်နိုင်ငံသားနှင့် ခေတ်မီ ပျားမွေးမြူရေး လုပ်ငန်းကို စတင်ခဲ့ကြောင်း သိရသည်။

 

ယခုလက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် ပုဂ္ဂလိက ပျားမွေးမြူသူ ဦးရေ ၈၂၀ နှင့် ပုဂ္ဂလိက ပျားအုံ ၂၀၁၁၄၃ အုံအထိ တိုးတက်မွေးမြူလျက်ရှိသည်။ လက်ရှိအချိန်အထိ ပျားအုံပေါင်း ၂၀၁၁၄၃ အုံမှ ပျားရည် ၆၅၀၀ မက်ထရစ်တန်ထုတ်လုပ်၍ တစ်နှစ်ပျမ်းမျှ ၂၅၀၀ မက်ထရစ်တန်ကို နိုင်ငံခြားသို့ တင်ပို့လျက်ရှိပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း ရရှိလျက်ရှိကြောင်း သိရသည်။ ထို့အတူ မြန်မာနိုင်ငံ ပျားမွေးမြူ ရေးကဏ္ဍမှ နှစ်စဉ်စိုက်ပျိုးဧက သိန်း ၂၀ ခန့်ကို ဝတ်မှုန်ကူး ဝန်ဆောင်မှုပေး လျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင်လည်း မြန်မာနိုင်ငံ နေကြာစိုက်ဧက၏ ၁၁ ရာခိုင် နှုန်းကို ပျားများက ဝတ်မှုန်ကူးပေးနိုင်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံရှိ ဒေသပျားမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းသည် တစ်ဖက်တစ်လမ်းမှ သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ကိုပါ စောင့်ရှောက်ခြင်း ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်အတွက် အရေးပါလှသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

 

လူသားတို့အတွက် အကျိုးရှိစေ

 

ပျားမွေးမြူရေးသည် လူသားတို့အတွက် အကျိုးရှိစေသည့် အထောက်အကူပြု လုပ်ငန်းဖြစ်ကြောင်း ပိုမိုလေ့လာ သိရှိလာကြသဖြင့် ယခုအခါ မွေးမြူရေးကို စိတ်ပါဝင်စားသူ များပြားလာနေသည်။ ပျားမွေးမြူရေးကြောင့် လူသားတို့၏ စိုက်ပျိုးသီးနှံများ အရည်အသွေးရော၊ အရေအတွက် ပိုမိုကောင်းမွန်လာသကဲ့သို့ ပျားရည်၊ ပျားဖယောင်း၊ ပျားဝတ်မှုန်၊ ပျား အဆိပ်၊ ပျားကော် အစရှိသည့် ပျားထွက် ပစ္စည်းများက လူသားတို့အတွက် ဆေးဝါး၊ စားသောက်ကုန်နှင့် အသုံးအဆောင် ပစ္စည်းများအဖြစ် တွင်ကျယ်စွာ အသုံးပြု လာနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။

 

mdn

 

သို့သော်လည်း မွေးမြူရေးပျားမဟုတ် သည့် သဘာဝတောရိုင်းပျားများသည် လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုတို့မှတစ်ဆင့် နေထိုင်ရာနေရာများ ဆုံးရှုံးခြင်း၊ ပိုးသတ် ဆေးများနှင့် အခြားအန္တရာယ်ရှိသော ဓာတုပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်း၊ အစာကွင်းဆက်အတွက် မွေးမြူရေးပျား များ ယှဉ်ပြိုင်နေရမှုနှင့် တောမီးလောင် မှုများကြောင့် အကောင်ရေများစွာ ကျဆင်းလာလျက်ရှိသည်။ အဆိုပါ အကြောင်းအရင်းများကြောင့် ၂၀၀၆ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့အကြား တောရိုင်းပျား မျိုးစိတ်အားလုံး၏ ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့ပြီဖြစ်ကြောင်း စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ လေ့လာမှုများအရ သိရသည်။

 

မျိုးစိတ်များ ကျဆင်းလာ

 

ဤမျိုးစိတ်များ ကျဆင်းလာခြင်းသည် ဂေဟစနစ်နှင့် အစားအစာသီးနှံများ၏ အရည်အသွေးနှင့် ပမာဏအပေါ်တွင် များစွာသော အကျိုးသက်ရောက်မှုများရှိ ပြီး သဘာဝအရင်းအမြစ်များ လျော့နည်း လာမှု၏ တိုက်ရိုက်အကျိုးဆက်အနေဖြင့် ဆင်းရဲတွင်းနက်သည့် လူ့ဘောင်အဖွဲ့ အစည်းများလည်း ဖြစ်ပေါ်လာနေသည်။ သဘာဝအရင်းအမြစ်များ ဆုံးရှုံးလာခြင်း သည် သန်းပေါင်းများစွာသော လူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုပင် ထိခိုက်လာမည်ဖြစ်ရာ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု ကို အဆုံးသတ်ရန် ရည်မှန်းချက်များနှင့် ကုန်းမြေဂေဟစနစ်ကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ရည်မှန်းချက်များကဲ့သို့သော ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များကိုပင် ထိခိုက်လာတော့သည်။

 

သုတေသနပြု လေ့လာချက်များအရ အော်ဂဲနစ်စိုက်ပျိုးရေး နည်းစနစ်များသည် ပျားမျိုးစိတ်များနှင့် ဝတ်မှုန်ကူး အင်းဆက်မျိုးကွဲများအား ကာကွယ်စောင့်ရှောက်ရာတွင် များစွာအထောက်အကူ ပြုသည်ကို သိရှိရသည်။ ထို့ကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း၊ မိုးရေချိန်မြင့်တက်လာခြင်း စသည့်ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် ပျားနှင့် အခြားဝတ်မှုန်ကူး အင်းဆက် ပိုးများ၏ အစာရရှိမှုနှင့် ၎င်းတို့နေထိုင်ကျက် စားရာနေရာများ ပျောက်ကွယ်လာနိုင်သည့်အတွက် ဇီဝဂေဟစနစ်ကိုထိန်းသိမ်း စောင့်ရှောက်နိုင်သည့် အော်ဂဲနစ်စိုက်ပျိုးရေးကို တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ရပေသည်။ ။