ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် (၇) ရရှိ

ဝူဟန်  ၇  ဇူလိုင်

 

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကျင်းပသည့် ၂၀၁၉ ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇူလိုင် ၅ ရက်က ကျင်းပရာ မြန်မာအသင်းသည် အဆင့် (၇) နေရာရရှိခဲ့သည်။ 

 

မြန်မာအသင်းသည် အဆင့် (၇) နေရာလုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် တွေ့ဆုံခဲ့ပြီး သုံးဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားနှင့် အုပ်စုတွင်းတွေ့ဆုံစဉ်ကလည်း ဂိုးပြတ်အနိုင်ရခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ ကျင်းပခဲ့ပြီး အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ တောင်ကိုရီးယားအသင်းက ချန်ပီယံဆုရခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စုပွဲ၌ အင်ဒိုနီးရှားကို လေးဂိုးပြတ်အနိုင်ရပြီး ပထမနှစ်ပွဲတွင် တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းကို ငါးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ အုပ်စုတတိယနေရာသာရ၍ အဆင့် ၅/၈ နေရာလုပွဲ ဆက်လက်ယှဉ်ပြိုင်ရာ ဝူဟန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့၍ အဆင့် (၇)လုပွဲ ကစားရပြီး အင်ဒိုနီးရှားကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း