ဝူဟန်မြို့၌ ကန့်သတ်ပိတ်ဆို့မှုများ ဖယ်ရှားခဲ့ပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံရသူတစ်ဦး ပြန်တွေ့

ဝူဟန်  ၁၂  မေ

ကမ္ဘာတစ်ဝန်းတွင် ကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်၁၉ ဗိုင်းရပ်စ်ပထမဆုံး စတင်ပျံ့နှံခဲ့ရာ ဝူဟန်မြို့တွင် ရောဂါကူးစက်မှုရပ်တန့်ခဲ့ပြီးတစ်လအကြာ၌ ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူတစ်ဦးကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်ကလည်း ၁၀ ရက်နီးပါးအတွင်း တရုတ်နိုင်ငံတစ်ဝန်း၌ ရောဂါကူးစက်ဖြစ်ပွားသူ ဆယ်ဂဏန်းအထိ တိုးပွားလာခဲ့ပြီး ရောဂါထပ်မံ ကူးစက်ခံရသူ ၁၄ ဦးရှိကြောင်း အတည်ပြုခဲ့သည်။

ရောဂါကူးစက်ခံရသူများအနက် နှစ်ဦးမှာ ပင်လယ်ရပ်ခြားမှာ ကူးစက်ခံလာရခြင်းဖြစ်ကြောင်း ကော်မရှင်က ဖော်ပြသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည်ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံအလယ်ပိုင်းရှိ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းမြို့ဖြစ်သည့် ဝူဟန်၌ ပထမဆုံးစတင်ပေါက်ဖွားခဲ့သည်။ ဗိုင်းရပ်စ်စတင် ကူးစက်ပျံ့နှံ့ခဲ့ချိန်မှ စတင်ကာ ယခုအချိန်အထိ လူပေါင်း လေးသန်းနီးပါးအထိ ကူးစက်ခံခဲ့ရပြီဖြစ်ပြီး သေဆုံးသူအရေအတွက် ၂၇၀၀၀၀ ကျော်အထိ ရှိသွားပြီဖြစ်ကာ ဗိုင်းရပ်စ်ကြောင့် နောက်ဆက်တွဲ စီးပွားရေးထိခိုက်နစ်နာမှုများကို ကမ္ဘာနှင့်အဝန်း ခံစားရလျက်ရှိသည်။ ။

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် ၈၂၉၀၁ ဦးရှိခဲ့ကာ တရားဝင်သေဆုံးသူ အရေအတွက်မှာ ၄၆၃၃ ဦး ဖြစ်သည်။

အာဏာပိုင်များသည် ပြီးခဲ့သည့်မတ်လ နှောင်းပိုင်းတွင် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုများကို စတင်ဖယ်ရှားခဲ့သည်။ အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုများ ဖယ်ရှားလိုက်ပြီး တစ်လနီးပါးအကြာတွင် ဝူဟန်မြို့၌ ရောဂါကူးစက်ခံရသူ တစ်ဦး ထပ်မံပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

အေအက်ဖ်ပီ