YBS ပေါ်မှ အသိပညာပေး ပြကွက်လေး တစ်ခုမှသည် ….

တင်ဝင်းလေး(ကြည့်မြင်တိုင်)

ဓာတ်ပုံ-ဘော်ဂါသွေး

 

စာရေးသူသည် မိမိနေအိမ်ကြည့်မြင်တိုင်မှ မြို့ထဲ သို့သွားသည့်အခါတိုင်း တစ်ဆက်တည်းစီးရသော YBS ၈၉ ကိုသာ စီးလေ့ရှိသည်။

 

ဂိတ်ရင်းနှင့် ကျောင်းရှေ့မှတ်တိုင်မှာ ကြား မှတ်တိုင်နှစ်ခုသာလျှင် ခြားသည့်အတွက် အမြဲလို ပင် ထိုင်ခုံနေရာ ရရှိသည်။ ကားများအားလုံး လေအေးစက်ကောင်းကြသည်။ အပျင်းပြေကြည့်ရှု နိုင်ရန် တီဗွီနှစ်လုံးပါရှိသည်။

 

တီဗွီများက ရောက်ရှိမှတ်တိုင်နှင့် နောက်ရောက်ရှိမည့် မှတ်တိုင်များကို ကြိုတင်ကြေညာ ပေးခြင်းဖြစ်သည်။ ထို့အပြင် ကြော်ငြာ၊ ဟာသ၊ အသိပညာပေး ပြကွက်တိုလေးများကို လမ်းတစ် လျှောက်လုံး ပြသသွားခြင်းဖြစ်သည်။

 

ထိုထိုသော အသိပညာပေးပြကွက်လေးများအနက် တစ်ခုသောပြကွက်လေးကို စာရေးသူအနေဖြင့် အလွန်မှပင် နှစ်ခြိုက်သဘောကျမိသည်။ စည်းကမ်းမဲ့သူ တစ်ဦးအား သင်စည်းကမ်းမဲ့ပြုမူနေပါသည်ဟု တစ်ခွန်းတစ်ပါဒမှ မဆိုမပြော၊ မိမိစည်းကမ်းမဲ့ပြုမှုကို အလိုလိုမြင်လာနိုင်စေရန် အလို့ငှာ ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။

 

ပြကွက်မှာ လမ်းဘေးလက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။ စားပွဲတစ်လုံးမှ ကွမ်းယာစားတတ်သော လူငယ်တစ်ဦးက ထိုင်ရာမှမထ၊ ထိုင်ခုံမှနေ၍ ကွမ်းတံတွေးကို လမ်းပေါ်သို့ မကြာခဏထွေးနေခြင်းပင် ဖြစ်သည်။

 

ကွမ်းတံတွေးကွက်ကို သန့်စင်ပေး

 

၎င်းလူငယ်ကွမ်းတံတွေး ထွေးနေမှုကို အခြားစားပွဲတစ်လုံးမှ လူငယ်တစ်ဦးက ကြည့်နေသည်။ ဘာမှမပြော၊ မဟန့်တား၊ ကွမ်းတံတွေး ထွေးသော လူငယ်ထသွားသည်နှင့် ၎င်းသောက်မည့် ရေသန့်ဘူးလေးကို ကိုင်ဆောင်လာပြီး ပထမလူ ထွေးသွားသည့် ကွမ်းတံတွေးကွက်ကို ရေဖြင့်လောင်း၍ သန့်စင်ပေးနေခြင်း ဖြစ်သည်။

 

ကွမ်းတံတွေးထွေးခဲ့သော လူငယ်က နောက်သို့ပြန်ကြည့်မိစဉ် မိမိအမှုမဲ့ အမှတ်မဲ့ထွေးထားခဲ့သည့် ကွမ်းတံတွေးများကို အခြားသူတစ်ယောက်က ဆေးကြောနေမှုကိုတွေ့ရာ မိမိတာဝန်မဲ့ခဲ့မှုကို သိမြင်ပြီး ၎င်းနေရာသို့ပြန်လာကာ လူငယ်၏ လက်ထဲမှ ရေသန့်ဘူးကိုတောင်းယူ၍ ပြန်လည် ဆေးကြောသန့်စင်ပေးခြင်းပင် ဖြစ်သည်။

 

နောက်ထပ် ပြကွက်တစ်ခုမှာ ကားမှတ်တိုင် တစ်ခုတွင် လိုင်းကားအလာကို စောင့်နေသော လူငယ်နှစ်ဦး ဖြစ်သည်။ တစ်ဦးက အအေးဘူးကို ကိုင်သောက်လျက် မတ်တတ်ရပ်စောင့်နေခြင်းဖြစ်ပြီး နောက်တစ်ဦးက ခုံတန်းတွင်ထိုင်လျက် ရှိနေကြသည်။ လိုင်းကားတစ်စီး လာသည်နှင့် အအေးသောက်နေသောလူငယ်က သောက်လက်စ အအေးဘူးကို လမ်းပေါ်သို့ပစ်ချကာ ကားဆီသို့ လှမ်းသွားခြင်း ဖြစ်သည်။

 

လမ်းပေါ်သို့ပစ်ချသွားသော အအေးဘူးကို ကားအလာထိုင်စောင့်နေသည့် လူငယ်ကအမှိုက် ပုံးထဲထည့်ရန် လှမ်းအကောက်တွင် အအေးဘူးပစ် ချသွားသောလူငယ်ကမြင်ပြီး ကားပေါ်သို့ မတက်တော့ဘဲ ပြန်လာကာ အအေးဘူးခွံကို ပြန်လည်ရယူသွားခြင်းပင် ဖြစ်သည်။ ထိုသို့သော အခြား ပြကွက်များလည်း ရှိနေသေးသည်။

 

ဖြစ်ရိုးဖြစ်စဉ်လို

 

ဤသို့သော ဖြစ်ရပ်မျိုးများသည် “ အမှုမဲ့ အမှတ်မဲ့ ”ဟု ဆိုသော်လည်း အများပြည်သူကြားထဲ ဖြစ်ရိုးဖြစ်စဉ်လိုပင် ဖြစ်လျက်ရှိနေသည်။ မိမိအမှတ်မထင် ပြုမူမှုသည် မိမိ၏လူ့တန်ဖိုးကို လှစ်ဟပြလိုက်ခြင်းပင်ဖြစ်သည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အတွက် အကျည်းတန်မှု တစ်ခုကို ဖြစ်စေခြင်းပင်ဖြစ်သည်။ “ စည်းကမ်းသည် လူ့တန်ဖိုး ”ဟုဆိုသည်။ တန်ဖိုးမြင့်မားသောသူ တစ်ယောက်၊ တန်ဖိုးမြင့်မားသော လူ့ပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းကမ်းများကို မိမိခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ ဝတ်ဆင်လိုက်နာမှသာလျှင် ပြီးမြောက်ပြည့်စုံမည်သာ ဖြစ်ပေသည်။

 

ပြီးခဲ့သော ရက်ပိုင်းက တော်လှန်ရေးပန်းခြံအနီး ကလေးကစားကွင်းရှေ့ ဓမ္မစေတီလမ်းပေါ်မှ ဖြတ်လျှောက်မိသည်။ ကလေးကစားကွင်းနံရံ တစ်လျှောက်လုံးချိတ်ဆွဲထားသည့် စာတန်းလေး များကိုဖတ်လာမိခဲ့သည်။ “ သင့်အမှိုက်တစ်စကြောင့် ရန်ကုန်မြို့အလှကို မပျက်စီးပါစေနှင့်”၊ “ လမ်းပေါ်က အမှိုက်တိုင်းဟာ နိုင်ငံသားတိုင်း အတွက်ရှက်စရာပါ ” ၊ “ မြို့တော်သန့်ရှင်းလှပဖို့ အားလုံးပူးပေါင်းစို့”၊ “ လမ်းပေါ်တွင် ကွမ်းတံတွေး ထွေးခြင်းသည် နိုင်ငံကြီးသား မပီသသော လုပ်ရပ်တစ်ခုဖြစ်သည်”ဆိုသော စာတန်းများပင်ဖြစ်သည်။

 

အားလုံးဝိုင်းဝန်းကြိုးပမ်း

 

တန်ဖိုးရှိသော စကားစုလေးများ၊ ဆောင်ပုဒ် လေးများဖြစ်သည်။ လက်တွေ့အားဖြင့် လူ့ပတ်ဝန်းကျင်တွင် ထိုစကားစုလေး၊ ဆောင်ပုဒ်လေးများ အတိုင်း လူတိုင်းကိုယ်စီ ပြုမူဆောင်ရွက်သင့်ပေသည်။ အရိုးစွဲနေသော အကျင့်ကိုချက်ချင်း၊ တစ်ခဏတာကာလအတွင်း ပြောင်းလဲ မရယူနိုင်သော်လည်း အချိန်အတိုင်းအတာနှင့်အမျှ ပြုမူကျင့်ကြံ နေထိုင်နိုင်ရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်လှပေသည်။

 

စာရေးသူသည် ဒီဇင်ဘာလအတွင်း အဖွဲ့အစည်းတစ်ခုနှင့်အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း နေရာအတော်များများသို့ ရောက်ခဲ့ဖူးသည်။ နေထိုင်သူများက သတ်မှတ်စည်းကမ်းများကို လိုက်နာကြသည်ဟု ဆိုသည်။ အချို့လမ်းမှာ ကျဉ်းသော်လည်း လမ်းရှေ့တွင် ကျူးကျော်ဆိုင်များမရှိ၊ ပလတ်စတစ်အမှိုက်များ မတွေ့ရ၊ အိမ်တိုင်းရှေ့တွင် ကြီးမားသော အမှိုက်ပုံးများ အသီးသီးရှိသည်ကို တွေ့ရသည်။

 

လှပသောမြို့တော်ဟု အမွှမ်းတင်

 

ထို့အတူ စင်ကာပူနိုင်ငံသည် စည်းမျဉ်းဥပဒေနှင့်ပတ်သက်၍ တိကျသည်ဟု ကြားဖူးသည်။ သို့အတွက် စင်ကာပူမြို့တော်သည် အရှေ့တောင်အာရှ၌ လှပသောမြို့တော်ဟု အမွှမ်းတင်ကြသည်။ ကျွန်တော်တို့နိုင်ငံကို စင်ကာပူနိုင်ငံကဲ့သို့ လှပသော မြို့တစ်မြို့အဖြစ် အားလုံးက လိုလားကြသည်။ သို့သော် စည်ပင်စည်းကမ်းများကိုမူ လိုက်နာမှု လွန်စွာမှပင် အားနည်းလျက် ရှိနေကြဆဲပင် ဖြစ်သည်။

 

အခြားနိုင်ငံများမှလာရောက်သူ အတော်များများသည် မိမိရောက်ရှိရာနိုင်ငံမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို အထူးဂရုပြု လိုက်နာလေ့ ရှိကြသည်ဟု မြင်မိသည်။ မြန်မာနိုင်ငံမှ အခြားသော နိုင်ငံများသို့ သွားသူများသည်လည်း ရောက်ရှိရာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြသူများဖြစ်သည်။ (သို့သော် မိမိနိုင်ငံ၏ ဥပဒေစည်းမျဉ်းအပေါ် ဈေးဆစ် သွေးတိုးစမ်းနေကြသူများ သာဖြစ်သည်။)

 

နိုင်ငံကြီးသားပီသမှု

 

လွန်ခဲ့သော တစ်နှစ်ခန့်က ပန်းဘဲတန်းမြို့နယ်အတွင်း၌ ဖြစ်သည့် ငယ်ရွယ်သော နိုင်ငံခြားသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့သည် မဟာဗန္ဓုလလမ်းပေါ်မှ လမ်းလျှောက်လာကြသည်။ စာရေးသူနှင့် ရှေ့ဆင့်နောက်ဆင့်တွင် သူတို့က ရှေ့မှ ဖြစ်သည်။ ၎င်းတို့လက်ထဲတွင် အအေးဘူးတစ်ဘူးစီ နှင့် အသားညှပ်မုန့်တစ်ခုစီကို ကိုင်ဆောင်စား သောက်လာကြသည်။ စားသောက်ဖွယ်များကုန် သွားသောအခါ အအေးဘူးအခွံနှင့် အသားညှပ်မုန့်ကို ထုပ်ပိုးသည့်စက္ကူကို လွှင့်ပစ်ရန် အမှိုက်ပုံးကို ရှေ့နောက်ဝဲယာ ရှိ မရှိကို ကြည့်ကြသည်။ မတွေ့သော်လည်း လမ်းပေါ်သို့ လက်လွတ်စပယ်ပစ်ချ မသွားခဲ့ပေ။ ရှေ့ဆက်လျှောက်သွားပြီး ၂၇ လမ်းထိပ်တွင် တွေ့ရသော အမှိုက်ပုံးအဖုံးကိုဖွင့်ကာ စနစ်တကျစွန့်ပစ်သွားခဲ့သည်ကို တွေ့ မြင်ခဲ့ရဖူးသည်။ နိုင်ငံကြီးသားပီသမှုအတုယူစရာမြင်ကွင်း တစ်ရပ်ဖြစ်သည်။

 

ထို့အပြင် ပြီးခဲ့သောအပတ်က ဧည့်လမ်းညွှန် မပါသော နိုင်ငံခြားခရီးသွား အမျိုးသမီးဧည့်သည် နှစ်ဦးကို စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားတွင် တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။ နှစ်ဦးစလုံး စကတ်အတိုများနှင့်ဖြစ်သည်။ ဘုရားအဝင်မုခ်ဝတွင် ထောင်ထားသော သတ်မှတ် သတိပေးဆိုင်းဘုတ်ကိုကြည့်ပြီး မိမိတို့လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ လုံချည် (မိန်းမဝတ်) များကိုထုတ်ကာ ထပ်ဝတ်ပြီးမှ ဘုရားထဲသို့ ဝင်သွားကြသည်ကို သတိထားမိခဲ့ဖူးသည်။ သူများက လိုက်ပြောမှ ဝတ်ဆင်ခြင်း၊ ပြုပြင်ခြင်းမဟုတ်ပေ။

 

သတ်မှတ်စည်းမျဉ်းတစ်ခုကို လေးစားလိုက် နာခြင်းဓလေ့စရိုက်ဟု မြင်မိသည်။ စာရေးသူတို့နိုင်ငံသည် လိုက်နာအပ်သည်ဟု သတ်မှတ်ထားသော စည်းကမ်းတစ်ခုကို အချို့က လိုက်နာမှုအားနည်းတတ်ကြသည်။ မသိ၍မဟုတ်၊ သိသိကြီးနှင့် အကဲစမ်း ကျူးလွန်ကြခြင်းပင် ဖြစ်သည်။

 

ခိုးကြောင်ခိုးဝှက်တက်နေကြ

 

ယနေ့ YBS သက်တမ်း နှစ်နှစ်ပြည့်မြောက်ရန် ရက်ပိုင်းမျှသာ လိုတော့သည်။ စတင်ပြောင်းလဲစဉ်ကတည်းက ခရီးသည်များ ရှေ့ပေါက်ကတက်၍ နောက်ပေါက်ကဆင်းရန် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ သို့သော် အချို့သောသူများက ယနေ့တိုင် လစ်လျှင် လစ်သလို နောက်ပေါက်က အလွယ်တကူအလျင်အမြန် ခိုးကြောင်ခိုးဝှက် တက်နေကြတုန်းပင် တွေ့နေရသည်။

 

ဈေးဆိုင်အများစု စည်ပင်ကသတ်မှတ်သော စည်းကိုကျော်၍ ဗန်းချဆိုင်ခင်း ရောင်းနေကြဆဲပင် ဖြစ်သည်။

 

YBS သည် မြို့နေလူထုအများဆုံး ထိတွေ့ စီးနင်းရာ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည်။ ထိုကဲ့သို့သော ပြည်သူ့နီတိဆန်သော အသိပညာပေး ဇာတ်လမ်းပြကွက်များကို အစဉ်မပြတ် ပြသသင့်ပေသည်။ ပြည်သူတို့၏ မျက်စိ၊ နားမှသည် နှလုံးသားတွင် မြဲမြဲထင်ထင် စွဲစေချင်ပါသည်။ သို့မှသာ အချိန်ကာလတစ်ခုတွင် စည်းကမ်းပြည့်ဝသော နိုင်ငံကြီးသားပီသသော မြို့တော်သူ မြို့တော် သားများအဖြစ်သို့ လှမ်းမျှော်ကြည့်ကြပါစို့ ဟု တိုက်တွန်းအကြံပြု ဖော်ပြလိုက်ရပါသည်။

 

မြန်မာ့အလင်း

 

YBS