YBS ယာဉ်မောင်းများအတွက် Smart Card ၈၀၀၀ ကျော် ထုတ်ပေးထားပြီးဖြစ်

၈ ဇန်နဝါရီ

YBS ယာဉ်မောင်းများအတွက် ယာဉ်လိုက်ခွင့်ကတ် (Smart Card) ၈၀၀၀ ကျော် ထုတ်ပေးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။

YBS ယာဉ်မောင်းများအတွက် ယာဉ်လိုက်ခွင့်ကတ် (Smart Card)ကို ထုတ်ပေးရန် YRTA သို့ တင်ပြထားသည့် ယာဉ်မောင်း ၈၀၄၃ ဦးအတွက် ထုတ်ပေးထားပြီး  ယင်းထုတ်ပေးထားသည့် ယာဉ်မောင်းများအနက် အမျိုးသမီးယာဉ်မောင်း ၉ ဦး ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ YBS ယာဉ်မောင်းများအတွက် ယာဉ်လိုက်ခွင့်ကတ် (Smart Card)များကို ထုတ်ပေးထားပြီး YRTA ရှိ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှလည်း ယင်း Smart Card ပါဝင်မှု ရှိ မရှိကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁ ရက်မှစ၍ စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိကြောင်း  ဦးအောင်ညီညီမော်က ဆက်ပြောသည်။

"ကျွန်တော်တို့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး လိုက်ခွင့်ကတ်ပြား ပါရှိခြင်း မပါရှိခြင်းကိုလည်း YBS ကုမ္ပဏီတွေကို စည်းကမ်းကြပ်မတ် မှာကြားထားပါတယ်၊ ကျွန်တော်တို့ရဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေကလည်း စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်"ဟု ဦးအောင်ညီညီမော်က ပြောသည်။

ထို့ပြင် ခရီးသည်များအနေဖြင့်လည်း စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များ တွေ့ရှိပါက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ Viber ဖုန်းနံပါတ်များဖြစ်သော ၀၉ ၄၄၈၁၄၇၁၄၉၊ ၀၉ ၄၄၈၁၄၇၁၅၃၊ ၀၉ ၄၄၈၁၄၇၁၅၄ တို့ကို ဗွီဒီယို၊ ဓာတ်ပုံအချက်အလက်များ ပေးပို့၍ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။

အဆိုပါ Smart Card တွင် YBS ယာဉ်မောင်း၏ အချက်အလက်များ ပါဝင်သည့်အတွက် YBS ယာဉ်လိုင်းများ၌ မောင်းနှင်သည့် မည်သည့်ယာဉ်မောင်းမဆို ၎င်းတို့၏ အချက်အလက်များ YRTA တွင်ရှိကြောင်း၊ ထိုသို့ YRTA တွင် အချက်အလက်များရှိခြင်းအားဖြင့် ယာဉ်မောင်းများနှင့်ပတ်သက်၍ တိုင်ကြားသည့်ကိစ္စများ၊ ယာဉ်လိုင်းများမှ ယာဉ်မောင်းများကို ထုတ်ပယ်သည့်ကိစ္စရပ်များကို စီစစ်ဆောင်ရွက်သည့်အခါ ပိုမိုလွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ထိုသို့ Smart Card စနစ်ကို စီစဉ်ဆောင်ရွက်ခြင်းဖြင့် YRTA မှလည်း ယာဉ်မောင်းများနှင့် ထိတွေ့နိုင်မည်ဖြစ်ပြီး ယာဉ်မောင်းတစ်ဦးသည် မည်သည့်ကုမ္ပဏီတွင် မောင်းနှင်ခဲ့ခြင်းနှင့် မည်သည့်ကုမ္ပဏီသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်းတို့အပြင် ၎င်းတို့ အလုပ်လုပ်သည့် သက်တမ်းများကိုပါ လွယ်လင့်တကူ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ YBS ယာဉ်လိုင်းနံပါတ် ၁၀၀ ရှိသော်လည်း နံပါတ်တူပြီး လမ်းကြောင်းမတူသော ယာဉ်လိုင်းများရှိသောကြောင့် အမှန်တကယ်ပြေးဆွဲယာဉ်လိုင်းမှာ ၁၁၇ လိုင်းရှိကြောင်း၊ ထို့ပြင် Airport Shuttle Bus နှင့် City Transit မြို့ပတ်လိုင်းတို့လည်းရှိပြီး လမ်းကြောင်းအားဖြင့် ၁၃၅ လမ်းကြောင်းရှိကာ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀၀ ဝန်းကျင်ခန့်  ပြေးဆွဲ၍ ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။ 

ငြိမ်းငြိမ်း