ယောနိသော မနသီကာရ နှလုံးသွင်း

၃၀  ဇူလိုင်

မျက်မှောက်ကာလ အဖြစ်အပျက်တို့ကို လေးနက်စွာစဉ်းစားကြည့်သောအခါ များစွာသော လူသတ္တဝါတို့၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်သကဲ့သို့ ထင်ရသည်။ လောဘ၊ ဒေါသ၊ မောဟတရားများ ကြီးထွားလာမှုကြောင့် လူအချင်းချင်း လှည့်ဖြားခြင်း၊ လူအချင်းချင်း နှိပ်စက်ခြင်းသာမက လူအချင်းချင်း သတ်ဖြတ်ခြင်းအထိပင် ကျူးလွန်လာကြ၏။

ထိုသူတို့၏ ခြောက်သွေ့သော အပူဓာတ်သည် လူကောင်း၊ သူကောင်းတို့၌ပင် အပူဟပ်၍ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြရ၏။ ထိုအပူဓာတ်သည် တစ်ယောက်နှင့်တစ်ယောက် မညှာတာနိုင်အောင်ဖြစ်သော လောဘ၊ ဒေါသ၊ မာန်မာနနှင့် ဣဿာ၊ မစ္ဆရိ စသည်တို့ကြောင့် ဖြစ်ရ၏။ ထိုအပူဓာတ်သည် ယခုဘဝတွင်သာ ခြောက်ကပ်စေသည်မဟုတ်၊ သံသရာတစ်လျှောက်သာမက နောက်နောင်ဘဝ၌လည်း ခြောက်ကပ်စေ လိမ့်မည်ကို သတိချပ်သင့်၏။

ထို့ကြောင့် ထိုအပူဓာတ်တို့ကို နောင်တတစ်ဖန်ပူပန်လျက် ယခုဘဝ၌ပင် စွမ်းနိုင်သမျှ ငြှိမ်းသတ်လျက် မြင့်မြတ်သော စိတ်ထားများကိုမွေးမြူကာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တည်းဟူသော ဗြဟ္မစိုရ်အအေးဓာတ်ကို မပြတ်စိမ့်စိုအောင် ကြိုးစားအားထုတ်သင့်ကြပေသည်။ ဆိုလိုရင်းမှာ ပုထုဇဉ်ဟူသော လူသားတို့သည် အမှားနှင့် မကင်းနိုင်သူချည်းဖြစ်၍ မိမိတို့အမှားကို ဆင်ခြင်သုံးသပ်ကာ ယခုမှစ၍ မိမိတို့၏ အတွင်းစိတ်ကိုအမြဲကောင်းမွန်အောင် ပြုပြင်ခြင်းဖြင့် နောက်နောင် အကောင်းချည်းဖြစ်အောင် အားထုတ်သင့်ပေသည်။

မိမိတို့စိတ်ကို အကောင်းချည်းဖြစ်အောင် မည်သို့အားထုတ်မည်နည်းဆိုပါမူ ယောနိသောရှိမှသာ စိတ်နှလုံးကောင်း ရရှိကြမည်ဖြစ်သည်။ တွေ့ရာကြုံရာကိစ္စတို့၌ သင့်လျော်အောင် နှလုံးသွင်းလေ့ရှိမှုကို ”ယောနိသော မနသီကာရ” ဟုခေါ်ပါသည်။ ယခုကာလအဖို့ မနသီကာရကိုဖြုတ်၍ “ယောနိသော”ကို နှလုံးသွင်းရမည်ဖြစ်သည်။ ထိုကဲ့သို့ သင့်လျော်အောင် နှလုံးသွင်းမှု (ယောနိသော) ရှိလျှင် အကုသိုလ်စိတ်(မကောင်းစိတ်)မဖြစ်ဘဲ စိတ်ကောင်းချည်းဖြစ်မည်။ ယောနိသော မရှိလျှင် စိတ်ကောင်းဖြစ်လောက်သော အရာရာကိစ္စများ၌ပင်စိတ်မကောင်းဖြစ်နေတတ်သည်။ ထို့ကြောင့် များထိုလူတို့ စိတ်ကောင်း ဖြစ်ဖို့ရာ “ယောနိသော” သာလျှင် အရေးအကြီးဆုံးဖြစ်သည်။

ယောနိသော ရှိခြင်း၊ မရှိခြင်းတို့၏ အရင်းခံအကြောင်းများကား စာကောင်းပေကောင်းများ ဖတ်ရှုခြင်း၊ မဖတ်ရှုခြင်း၊ ပညာရှိတို့ထံတွင်နည်းနာခံခြင်း၊ နည်းနာမခံခြင်း အကြောင်းသည် အဓိကအချက်ဖြစ်သည်။ စာကောင်းပေကောင်းတို့ကို ဖတ်ရှုလေ့ရှိသူ၊ ပညာရှိသူတော်ကောင်းတို့ထံ နည်းနာခံလေ့ရှိသူ (ပညာရှိသူတော်ကောင်းတို့နှင့် ပေါင်းလေ့ရှိသူ) ဖြစ်လျှင် အကြားအမြင် ဗဟုသုတတိုးပွား၏။ အကြားအမြင်ဗဟုသုတ တိုးပွားသူမှာ “ငါ၏ စိတ်သန္တာန်၌ အမြဲစိတ်ကောင်း ဖြစ်စေမည်” ဟုခံယူထားလျှင် တွေ့ရာကြုံရာ အာရုံများ၌ ယောနိသောရှိမည်။

သို့ဖြစ်ရာ တွေ့ကြုံရာကိစ္စတို့တွင် ယောနိသောရှိပြီး သင့်လျော်အောင် နှလုံးသွင်းကာ အရာရာ၌ ဗြဟ္မစိုရ်တရား လက်ကိုင်ထားလျက်ကြီးမားသော စိတ်ကောင်းရှိသူဖြစ်စေလိုပါကြောင်း။ ။

ကြေးမုံ