၉ ဇူလိုင်
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယီမင်နိုင်ငံတွင် ယခုနှစ် ကာလဝမ်းရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူပေါင်းမှာ ယခုချိန်ထိ လေးသိန်းခြောက်သောင်းကျော်ရှိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ထိုသံသယဖြစ်ဖွယ် ရောဂါများကြောင့် ယမန်နှစ် အလားတူ ကာလက သေဆုံးသူ ၇၅ ဦးနှင့် နှိုင်းယှဉ်ပါက ယခုနှစ်သေဆုံးသူပေါင်း ၇၀၅ ဦး ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် တွင် ထိုရောဂါကူးစက်သည်ဟု သံသယရှိသည့် ကလေးပေါင်း နှစ်သိန်းခန့်ရှိကြောင်း Farhan Haq ၏ ပြောကြားချက်အရ သိရသည်။
မကြာသေးမီက ရေကြီးခြင်းကြောင့် နိုင်ငံအနှံ့ ကာလဝမ်းရောဂါ ပျံ့နှံ့မှုများပြားလာကာ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ် ညံ့ဖျင်းခြင်းနှင့် ဆည်မြောင်းစနစ် ( သို့မဟုတ် ) သောက်သုံးရေသန့်ရှင်းမှု မရှိခြင်းတို့ကြောင့်လည်း ထိုရောဂါမှာ ပိုမိုဆိုးဝါးလာခဲ့သည်။
ကုလသမဂ္ဂနှင့် မိတ်ဖက်နိုင်ငံများက ယီမင်အနီးတစ်ဝိုက်တွင် ကာလဝမ်းရောဂါ ကုသဆောင် ၁၂၀ဝ ခန့် ဖွင့်လှစ်ထားကြောင်းနှင့် ယင်းကုသဆောင်များတွင် သုံးရန် ရန်ပုံငွေ အရေးတကြီးလိုအပ်နေကြောင်း Farhan Haq က ထပ်လောင်းပြောကြားခဲ့သည်။
ယီမင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ချက် အစီအစဉ်အရ ယခုနှစ်တွင် လူဦးရေ သန်း ၂၀ ကျော်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ လိုအပ်ကြောင်း Farhan Haq က ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို