ယခုဘ၀ သံသရာ နှစ်ဖြာအကျိုးဆောင်ကြဉ်း

MDN

နေပြည်တော် ၂၁ ဧပြီ

 

လူမှုဘ၀လောက၌ လူတို့သည် ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့်ဖြစ်စေ၊ ကံသုံးပါးစလုံးဖြင့်ဖြစ်စေ သိလျက်သော်လည်းကောင်း၊ မသိလျက်သော် လည်းကောင်း၊ မထင်မှတ်၍သော်လည်းကောင်း အနည်းနှင့်အများဆိုသလို ပြစ်မှား ကျူးလွန်မိကြသည်။ အပြစ် တစ်ခုခုကို ပြစ်မှားကျူးလွန်ခဲ့မိသည်ရှိသော်လောကပြစ်ဒဏ်၊ သံသရာပြစ်ဒဏ် မလွဲမသွေခံကြရသည်။

 

ကျူးလွန်မှုမှန်သမျှသော အမှုကိစ္စအားလုံးတို့တွင် ပုဂ္ဂိုလ်အလိုက်အကျိုးပေးတန်သလောက် အကျိုးပေးခွင့် ရကြသည်။ မကောင်းမှုတို့ကိုကျူးလွန်ခဲ့မိရာ၌ ထပ်ကာထပ်ကာကျူးလွန်မိပါက မိုက်တွင်းနက်သူသာဖြစ်ပြီး သံသရာပြစ်ဒဏ်၊ လောကပြစ်ဒဏ်တို့မှ လွတ်မြောက်လိမ့်မည်မဟုတ်ချေ။ မကောင်းမှုတို့ကို ထပ်မံကျူးလွန် ခြင်းမပြုဘဲ ပြုခဲ့မိသည်တို့ကိုဝန်ချတောင်းပန် အသိတရားအမှန်ရရှိခြင်းသည် လူကောင်းဖြစ်ပေသည်။

 

လူဟူသည် အမှန်မသိသည့် ပုထုဇဉ်သာဖြစ်၍ အမှားများ၊ မကောင်းသောအမှုများကို ကျူးလွန် မိတတ်ပေသည်။ ပုထုဇဉ်၏စိတ်တွင် မောဟထကြွလာသောအခါ အကုသိုလ်စိတ်၊ မကောင်းစိတ်များဖြစ်နေ ပြီဟုဆိုသည်။ မောဟ၏ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေး နောင်တာခံစားရမည့် မကောင်း ကျိုးကိုလည်း မသိကြချေ။ ယခုလောလောဆယ် ယုတ်မာညစ်ညမ်း ဆိုးသွမ်းမှုအပြစ်ကိုလည်း မသိကြရ။ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုကပညာရှိပင်ဖြစ်စေ၊ သူတော်စင်ပင်ဖြစ်စေ အပြစ်ကိုမမြင်ဘဲ ဒုစရိုက်အမှုကို ပြုမိကြသည့်အကြောင်းများရှိသည်။

 

အပြစ်များကျူးလွန်မိတတ်သော လူတို့၏စိတ်အညစ်အကြေး၊ ကိုယ်အညစ်အကြေးများကို လောက ဓလေ့ထုံးတမ်းစဉ်လာအားဖြင့် နှစ်သစ်ကူး အခါကာလတွင် ဝန်ချတောင်းပန်ကန်တော့မှု၊ ဆေးကြော သန့်စင်သော ကောင်းသောအမှုများ ပြုလေ့ရှိကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား အကျဉ်းသူများကို လွတ်ငြိမ်းသက်သာခွင့်များ ပေးလေ့ရှိသဖြင့် ဥပဒေကြောင်းအရ လောကအပြစ်မှ လွတ်ငြိမ်း သက်သာ ခွင့်ဖြစ်ပေသည်။

 

သို့သော် ဥပဒေအရဖြစ်စေ၊ ဥပဒေအပအရဖြစ်စေ မိမိတို့ ကျူးလွန်မိသော ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့မှ လုံးဝလွတ်မြောက်စေရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပေသည်။ ကျူးလွန်မိ သော အပြစ်တို့ကို ဝန်ချတောင်းပန်၍ ကောင်းသောအမှုများကိုပြုပြီး သံသရာတွင် သက်သာရာသက်သာ ကြောင်းဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

 

သံသရာအပြစ်မှ သက်သာခွင့်ရရေး၌ ခမည်းတော်ကိုသတ်ခြင်း ဟူသော အလွန်ကြီးမားသည့် ပါဏာတိပါတကံကိုပြုမိသည့် အဇာတသတ်မင်းသည် ထိုကြီးမားသည့်ကံကြောင့် မုချအဝီစိငရဲသို့ ကျရတော့ မည်ဖြစ်သော်လည်း ကျူးလွန်ခဲ့မိသည်တို့ကို နောင်တရ၍ ဘုရားရှင်အား အလွန်ကြည်ညိုသော ပယောဂ သမ္ပတ္တိကြောင့် အဝီစိငရဲသို့မကျတော့ဘဲထိုငရဲ၏အခြံအရံ ဥဿဒငရဲ၌ကျပြီး သက်သာခွင့်ရလေသည်။

 

မိမိတို့ကျူးလွန်ခဲ့မိသောအမှုများအတွက် ထိုက်သင့်သောပြစ်ဒဏ်များမှာ ယခုဘ၀၊ နောင်သံသရာတွင် ကျခံရမည်ဖြစ်သော်လည်း ယခုဘဝတွင် ကောင်းမွန်စွာနေထိုင်ခြင်း၊ ပြင်းပြကောင်းမွန်သည့် စေတနာကံ သတ္တိရှိခြင်းတို့ကြောင့် ယခုဘ၀၊ နောင်ဘ၀ သံသရာနှစ်ဖြာတွင် ပြစ်ဒဏ်တို့မှ သက်သာခွင့်ရကြပေသည်။

 

သို့ဖြစ်ရာ ပုထုဇဉ်လူသားတို့ဟူသည် အကုသိုလ်အမှုများနှင့်မလွတ်ကင်းနိုင်သည်ဖြစ်သော်လည်း မိမိတို့ပြုလုပ် ခဲ့သော အကုသိုလ်အမှုများကို နောင်တတစ်ဖန်ရကာ ဝန်ချပြီး ကောင်းသောသမ္ပတ္တိများပြင်းစွာ အားထုတ်ကာ ယခုဘ၀၊ နောင်သံသရာ သက်သာရာနှင့် ကောင်းကျိုး ချမ်းသာတို့ကို ဆောင်ကြဉ်းနိုင်ပါကြောင်း။

 

ကြေးမုံ