ယခုဘဏ္ဍာရေးနှစ်အတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားခရီးသွားပေါင်း ၂၈၂၉၀၇ ဦး ဝင်ရောက် လည်ပတ်ခဲ့

တာချီလိတ် ၃   သြဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အဆက်မပြတ်ဝင်ရောက်လည်ပတ်လျက်ရှိရာ ဇူလိုင် ၂၀ ရက်မှ  သြဂုတ်လ ၂ ရက်အထိ  ထိုင်းနိုင်ငံ နှင့် တတိယနိုင်ငံသားများ ညအိပ်နှင့် နေ့ချင်းပြန် ခရီးသည်ပေါင်း ၂၈၄၃၁ ဦး၊  မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ် တွင် ၅၄၈ ဦး၊  ဗီဇာဖြင့် တာချီလိတ်မြို့မှတစ်ဆင့် ပြည်တွင်းသို့ ၂၇၄ ဦးရှိရာ ယခုဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း  ၂၈၂၉၀၇ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ခရီးသွားဧည့်သည်များသည်  နေ့ချင်းပြန်ခရီးအဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်ထု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်း သို့လည်းကောင်း၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင် ဆုတောင်းပြည့် စွန်တောင်းစေတီ၊ ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ  မဟာမြတ်မုနိဘုရား၊ စွန်တောင်းစေတီ၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊  ကမ္ဘာအေးစေတီ၊ လွယ်မွေဒေသ၊  ပင်းတောက်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာ၀ အလှရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် လေ့လာသည့်အပြင်  လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းရှိ အထင်ကရ ဒေသများသို့ ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးတေဇာမင်း ကပြောသည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့်  ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့ အထိ ထိုင်းနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည်စုစုပေါင်း ၂၇၇၂၄၄ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ် အဖြစ် ခရီးသည် ၃၂၄၂ ဦး၊ တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၂၄၂၁ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ဖြိုးလေး(တာချီလိတ်)