ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့ပြီး ယခင် ရာသီထက် ပိုမိုများပြား

ရန်ကုန်၊ ဧပြီ ၁၉

ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့ပြီး ယခင် ရာသီထက် ပိုမိုများပြားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ယခုနှစ်သည် ယခင်နှစ်ထက် ခရီးသွားလာမှု ပိုမိုးတိုးတက်ဖွယ်ရှိပြီး သင်္ကြန်ကာလတွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်းနောင်းဟန် က ပြောသည်။

“ခရီးသွားရာသီက ၂၀၂၃ ပွင့်လင်းရာသီ အောက်တိုဘာလကနေ သင်္ကြန်ကာလအထိ ပြန်ကြည့်ရမယ်ဆိုရင် အစပိုင်းကောင်းခဲ့တယ်။ ၁၁ လပိုင်း၊ ၁၂ လပိုင်းမှာ နည်းနည်းလေး ကျသွားတယ်။ ၁၂ လပိုင်း New Year ကနေ အခုတောက်လျှောက် ခရီးစဉ်တွေ ပြန်တက်လာတာမျိုး တွေ့ရပါတယ်။ သင်္ကြန်ကာလကတော့ အများဆုံးပေါ့လေ။ အဲဒီတော့ ခရီးသွားရာသီတစ်ခုလုံးနဲ့ ပြန်ကြည့်ရင် မဆိုးဘူးလို့ပြောနိုင်ပါတယ်။ ခရီးသွား ကုမ္ပဏီတွေအနေနဲ့လည်း ခရီးစဉ်တွေလည်း ရောင်းချလာရတယ်။ သင်္ကြန်ကာလကတော့ ခရီးသွားရာသီတစ်ခုလုံးမှာ ခရီးသွားလာမှု အများဆုံးလို့ ပြောရမှာပေါ့” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ယခုနှစ်သင်္ကြန်ကာလ၌ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေသို့ ခရီးသွားများခဲ့ကာ ကြိုတင်မှာယူမှသာ ဟိုတယ်အခန်းများ ရရှိသည့် အခြေအနေရှိခဲ့ပြီး အခန်းမရသူများကလည်း ထပ်မံထွက်ပေါ်နေသည့် ကမ်းခြေအသစ်များသို့ သွားရောက်ခဲ့ကာ ဘုရားဖူးခရီးစဉ် ထွက်ခွာမှု များပြားကြောင်း သိရသည်။

“သင်္ကြန်ပိတ်ရက်မှာ ခရီးသွားလာမှုက တော်တော်များခဲ့ပါတယ်။ ပြီးတော့ အခုကာလတွေမှာ အပန်းခြေခရီးသွားနိုင်တဲ့နေရာတွေကလည်း အကန့်အသတ်နဲ့ရှိလာတော့ ချောင်းသာ၊ ငွေဆောင်၊ ကမ်းခြေတချို့နဲ့ ဘုရားဖူးလို့ရမယ့်နေရာတွေ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကလောဘက် သွားလာမှုပိုများခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ထက်စာရင်တော့ ပိုများတယ်လို့ ယူဆလို့ရပါတယ်။ ပြီးတော့ ဒီနှစ်သင်္ကြန်ကာလမှာ ချောင်းသာ၊ ငွေဆောင်က ခရီးသွားလာမှုများတော့ ကြိုတင်စီစဉ်ထားတဲ့သူတွေက အခန်းတွေရကြပေမယ့် ဟိုမှာလူတွေများနေပြီဖြစ်လို့ တချို့ အခန်းမရတဲ့သူတွေကတော့ ကမ်းခြေအသစ်တွေကို နေ့ချင်းပြန်ခရီးသွားတာတွေလည်း တွေ့ရပါတယ်။ ခရီးသွားကဏ္ဍမှာ အခုလက်ရှိက လုံခြုံစိတ်ချရတဲ့နေရာဒေသတွေကို သွားလာဖို့အတွက် ရှာဖွေတဲ့အခါမှာ ခရီးစဉ်သစ်တွေလည်း တွေ့လာကြပါတယ်"ဟု ၎င်းက ဆိုသည်။

ခရီးသွားကဏ္ဍတွင် ယခင် ကိုဗစ်ကပ်ရောဂါမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးသော်လည်း ကိုဗစ်နောက်ပိုင်း ကာလတွင် ခရီးသွားလာမှု တိုးလာသည့် အခြေအနေ ဖြစ်ကြောင်းလည်း ဦးနောင်းနောင်းဟန်ကဆိုသည်။

MT