ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပမည်

မန္တလေး ၅  မတ်

ယခုနှစ် ဧပြီလအတွင်း မန္တလေးမြို့၌ ကျင်းပမည့် ရိုးရာသင်္ကြန်ပွဲတော်အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး၍ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်းသို့ COVID -19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လက်ရှိအချိန်၌ လူစုလူဝေးများပြားသော ပွဲလမ်းသဘင်များကို တတ်နိုင်သမျှ မပြုလုပ်ရန်နှင့် မလွှဲမရှောင်သာ ပြုလုပ်ရပါကလည်း လူဦးရေတတ်နိုင်သမျှ အနည်းဆုံးဖြစ်သာ ကျင်းပ ပြုလုပ်သွားရန်နှင့် ပွဲလမ်းသဘင်များ ကျင်းပမည်ဆိုပါကလည်း COVID -19 ရောဂါ ပညာပေးအချက် အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ပွဲမစတင်မီ ၅ မိနစ်ခန့် အချိန်ယူ ပြောကြားရန် လမ်းညွှန်ထားကြောင်း သိရသည်။

 

''ဒီနှစ်မန္တလေးမြို့မှာ သင်္ကြန်ပွဲတော်ကို မဖြစ်မနေကျင်းပရဖို့ ဖြစ်လာရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လမ်းညွှန်ချက်တွေအတိုင်း အရေအတွက်နဲ့ အချိန်ကိုလျှော့ချမယ်။ လိုအပ်လို့ရှိရင် ပွဲတော်ကို ရပ်နားသင့်ရင် ရပ်နားသွားမှာပါ။ ဒါက ကျန်းမာရေးရှုထောင့်တစ်ခုတည်းနဲ့ မဟုတ်ဘဲ လူမှုစီးပွား ရှုထောင့်အားလုံးကနေ သုံးသပ်ရမှာဖြစ်ပါတယ်။ လက်ရှိ မန္တလေးမြို့မှာ ကျင်းပနေတဲ့ ရွှေစာရံဘုရားပွဲတော်ကိုလည်း ဒီလမ်းညွှန်ချက်အတိုင်းပဲ ကျင်းပနေတာပါ။ ရောဂါကြိုတင် ကာကွယ်မှု လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ထားပါတယ်။ အကယ်၍ ကျွန်တော်တို့နိုင်ငံမှာ ရောဂါပိုးရှိသူ တွေ့ရှိခဲ့တာနဲ့ ပွဲတော်ကို ချက်ချင်း ရပ်နားရမှာပါ '' ဟု ၎င်းက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပမည့် ဘာသာရေး ပွဲတော်များ၊ ရိုးရာဓလေ့ အစဉ်အလာပွဲတော်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိကာလတွင် မန္တလေးမြို့ ကျောက်တော်ကြီးဘုရား၌ မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်အထိ ကျင်းပမည့် မြန်မာ့သနပ်ခါးပွဲတော်ကိုလည်း မြန်မာနိုင်ငံသနပ်ခါးအသင်း၏ ဆုံးဖြတ်ချက်ဖြင့် ပွဲတော်ကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)