ယခုနှစ်အတွင်း တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားလမ်းအရှည် ကီလိုမီတာ ၃၀,၀၀၀ ကျော်ထိ ရှိလာမည်

ပေကျင်း ၄ ဇန်နဝါရီ

တရုတ်နိုင်ငံက ယခုနှစ်အတွင်း မြန်နှုန်းမြင့်ရထားလမ်းသစ် ၃,၂၀၀ ကီလိုမီတာ တည်ဆောက်ရန် စီစဉ်လျက်ရှိရာ တိုင်းပြည်၏ စုစုပေါင်း မြန်နှုန်းမြင့်ရထားလမ်းသစ်မှာ ကီလိုမီတာ ၃၀,၀၀၀ ကျော် ရှိလာမည်ဟု မျှော်လင့်ရကြောင်း နိုင်ငံပိုင်မီးရထားလုပ်ငန်းက ပြောကြားသည်။

တရုတ်နိုင်ငံက မီးရထားနယ်ပယ်တွင် ရင်းနှီးမြှပ်နှံမှုပြုလုပ်လျက်ရှိရာ အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းပိုင်းမှာ ရထားလမ်းသစ် ကီလိုမီတာ ၆,၈၀၀ ဖောက်လုပ်မည့် အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း တရုတ်မီးရထားလုပ်ငန်း (CR) မှ အထွေထွေမန်နေဂျာ လူဒေါင်ဖူက သတင်းစာရှင်းလင်း ပွဲတစ်ရပ်၌ ပြောကြားသည်။ တရုတ်နိုင်ငံက ပြီးခဲ့သောနှစ်များအတွင်း မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်ကို တိုးချဲ့လျက်ရှိပြီး ၂၀၁၈ ခုနှစ်အကုန်တွင် စုစုပေါင်း ရထားလမ်းမိုင်အရှည် ၂၉,၀၀၀ ကီလိုမီတာထိ ရှိလာခဲ့ပြီး ကမ္ဘာ့မြန်နှုန်းမြင့်ရထားလမ်း စုစုပေါင်း၏ သုံးပုံနှစ်ပုံကျော် ရှိလာခဲ့သည်။

တရုတ်နိုင်ငံက ၂၀၂၀ ခုနှစ်မတိုင်မီ မြန်နှုန်းမြင့်ရထားလမ်း ကီလိုမီတာ ၃၀၀၀၀ တည်ဆောက်ရန် ရည်ရွယ်ထားသည်။ တရုတ်မီးရထားလုပ်ငန်းက ယခုနှစ်အတွင်း ခရီးသည် ၃ ဒသမ ၅၄ ဘီလီယံ နှင့် ကုန်စည် ၃ ဒသမ ၃၇ ဘီလီယံ သယ်ယူပို့ဆောင်ရန် မျှော်မှန်းရကြောင်း ၎င်းက ပြောကြားသည်။ တရုတ်နိုင်ငံက ယခုနှစ်အတွင်း မြန်နှုန်းမြင့်ရထားပြေးဆွဲမှုကို ဆက်လက်တိုးချဲ့မည်ဖြစ်သည်။

မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် တိုးချဲ့ခဲ့သော်လည်း တရုတ်နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသများတွင် မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် ကောင်းမွန်ခြင်းမရှိသေးပေ။ တရုတ်မီးရထားလုပ်ငန်းက စီချွမ်-တိဘက် ရထားလမ်းပိုင်းကို ယခုနှစ် စက်တင်ဘာလအကုန်တွင် တည်ဆောက်မှုစတင်ရန် ကြိုးပမ်းမည်ဟု လူဒေါင်ဖူက ပြောကြားသည်။ ထို့အပြင် တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်လက်မှတ်များ လျောက်ထားမှုမြှင့်တင်ရန်နှင့် မြန်နှုန်းမြင့်ရထား လက်မှတ်ဈေးနှုန်းများ သင့်တင့်လျောက်ပတ်စွာ သတ်မှတ်နိုင်ရန် လုပ်ဆောင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ကီလိုမီတာ ၄,၆၀၀ ကျော်ရှိသော မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေး၌ ရင်းနှီးမြှပ်နှံမှုမှာ ယွမ် ၈၀၂ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၇ ဘီလီယံ) ရှိသည်။ ပြီးခဲ့သောနှစ်အတွင်း မီးရထားလုပ်ငန်း၏ စုစုပေါင်းဝင်ငွေမှာ နှစ်အလိုက် စံချိန်တင် ၁၀ ဒသ မ ၉ ရာခိုင်နှုန်းရှိပြီး ယွမ် ၇၇၂ ဘီလီယံထိ ရောက်ရှိခဲ့သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်