ယခုနှစ်မိုးရာသီတွင် ကန့်ဘလူခရိုင်၌ မိုးရာသီသီးနှံစုံဧက  ၆၇၃၀၀၀ ကျော်လျာထားစိုက်ပျိုးမည်

ကန့်ဘလူ ဇူလိုင် ၁၉

 

                   စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုနှစ်မိုးရာသီ၌ ဆည်ရေသောက်၊ချောင်းပိတ်၊ မြောင်းပိတ်၊လျှပ်စစ်ရေတင်၊ မိုးကောင်းသောက်ရေနှင့် မြေအောက်ရေတင်စနစ် များဖြင့် ခရိုင်အတွင်းရှိမြို့နယ်များတွင် မိုးရာသီသီးနှံစုံ ၆၇၃၁၁၆ ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

 

                     ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တို့တွင် မိုးရာသီ သီးနှံအမျိုးအစားအလိုက် လျာထားဧကများမှာ မိုးစပါးသီးနှံလျာထားဧက ၁၈၃၉၁၀ ကိုလည်းကောင်း၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ပဲစင်းငုံ၊ စွန်တာပြာ၊ထောပတ်ပဲ၊ပဲယင်း၊အခြားပဲ)လျာထားဧက ၂၄၉၅၆၃ ကိုလည်းကောင်း၊ဆီထွက်သီးနှံ (မြေပဲ၊နေကြာ) လျာထားဧက ၅၇၃၈၇ ကိုလည်းကောင်း၊ကြံသီးနှံလျာထားဧက ၂၅၀၀၀ ကိုလည်းကောင်း၊ ဝါသီးနှံလျာထားဧက ၂၉ ကိုလည်းကောင်း၊ စားဖိုဆောင်နှင့်အခြားသီးနှံလျာထားဧက ၁၂၂၃၃၈ ကိုလည်းကောင်း၊ နှစ်ရှည်ပင် သီးနှံလျာထားဧက ၃၄၈၈၉ ကိုလည်းကောင်း စိုက်ပျိုးမည်ဖြစ်သည်။

                 

မိုးစပါးစိုက်ပျိုးရာသီတွင် တစ်ဧကအထွက်နှုန်းတိုးတက်စေရန် တောင်သူများလိုက်နာဆောင်ရွက်ရမည့် နည်းပညာများဖြစ်သော သိပ္ပံနည်းကျစိုက်ပျိုးစနစ်၊မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီ သည့် သီးနှံများကိုစိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဓာတ်မြေဩဇာစနစ်တကျအသုံးပြုရေး၊သဘာဝမြေဩဇာများ စုဆောင်း အသုံးပြုသုံးစွဲနိုင်ရေး၊ ပေါင်းမြက် ကာကွယ်နှိမ်နင်းရေး၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးဖျန်းကိရိယာများ စနစ်တကျ ကိုင်တွယ် အသုံးပြုနိုင်ရေး၊သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး စသည်တို့အတွက်လည်း ပညာပေးဆွေးနွေး ဟောပြော ခြင်းများကို ကျေးရွာများမှတောင်သူများထံအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကိုဗစ် ကာလ အတွင်း အိုင်တီ(IT)နည်းပညာအသုံးပြု၍ နည်းပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိကြောင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

 

ထို့ပြင် လိုအပ်ပါက ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းသိရသည်။

 

အောင်ဝင်းငြိမ်း (ကန့်ဘလူ)