ယခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း လီဂျန်းဂျယ်ဆို

ဇန်နဝါရီ   ၇

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ လီဂျန်းဂျယ်ဟာ ယခုနှစ်မှာ ကျင်းပမယ့် နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လီဂျန်းဂျယ်ဟာ ၂၀၂၂ ခုနှစ် ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ပါဝင်ခွင့် ရခဲ့သူတစ်ဦးပါ။ သူပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်း တွဲရုပ်ရှင် Squid Game နဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှု အမျိုးသားသရုပ်ဆောင်ဆုအတွက် လျာထားခံထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေနဲ့ အခြားသော အကြောင်းတွေကြောင့် အဆိုပါဆုပေးပွဲကို တက်ရောက် မှာမဟုတ်ကြောင်း လတ်တလောမှာ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၅ ရက်မှာ မင်းသားရဲ့ ဖျော်ဖြေရေးအေဂျင်စီက ဒီသတင်းကို တရားဝင်ထုတ်ပြန်ခဲ့တာပါ။ အေဂျင်စီရဲ့ ပြောကြားချက်အရ ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်း ဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေတွေနဲ့ အခြားသော အကြောင်းအရာတွေကြောင့် မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဆိုပါတယ်။ Squid Game ကို ထုတ်လွှင့်ခဲ့တဲ့ နက်ဖ်လစ်ဇ်ဟာလည်း ယခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ပူးပေါင်းပါဝင်ခြင်းမရှိပါဘူး။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေ၊ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ပါက အသွားအလာ ကန့်သတ်စောင့်ကြည့်မှုခံယူရမယ့် အချိန်တွေကြောင့် နောက်ဆုံးမှာ လီဂျန်းဂျယ်အနေနဲ့ ဆုပေးပွဲမတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်