ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မျက်မမြင် ဖြေဆိုသူများအတွက် သင်္ကေတစာရေးသားနိုင်သည့် စာရွက်များ ထောက်ပံ့ပေးမည်

မန္တလေး ၂ မတ်

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် မျက်မမြင်ဖြေဆိုသူများအတွက် သင်္ချာဘာသာ ရပ်ဖြေဆိုသည့် နေ့တွင် မေးခွန်းပါအချက်အလက်များကို မှတ်သားနိုင်ရန် မျက်မမြင်သင်္ကေတစာ ရေးသားနိုင်သည့် စာရွက်များ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က မတ်လ ၂ ရက်နေ့က မန္တလေးမြို့တွင်ပြုလုပ်သော ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေး ခွန်းထုတ်ယူရေးနှင့် စာမေးပွဲလုပ်ငန်းဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

ဒီနှစ်မှာ မျက်မမြင်တွေ သင်္ချာဘာသာရပ် ဖြေဆိုတဲ့အခါမှာ မေးခွန်းပါ ကိန်းဂဏန်းတွေကို သူတို့ သင်္ကေတတွေနဲ့ အလွယ်တကူမှတ်သားလို့ရအောင်နဲ့ အကြမ်းတွက်ချက်လို့ရအောင် ပထမဆုံးအနေနဲ့ ဒီနှစ်ကစပြီး ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ မသန်စွမ်းတွေကိုလည်း သူတို့နားလည်နိုင်တဲ့ လက်ပြသင်္ကေတ(Sign Language)နဲ့ ဖြေဆိုချိန်ပိုပေးပြီး မေးခွန်းကို ဖတ်ပြပေးသွားမှာပါ။”ဟု ၎င်းက ပြောသည်။

 

ယခုနှစ် မတ်လ ၇ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် မေးခွန်းများကို မတ်လ ၃ ရက်နေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တစ်ပြိုင်နက်တည်း ထုတ်ပေးသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွက် မေးခွန်းများကို မန္တလေးတက္ကသိုလ်တွင် နံနက် ၇ နာရီမှစ၍ တစ်နေ့တည်းအပြီး ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

“မေးခွန်းတွေထုတ်ပေးတဲ့အခါမှာ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတွေက စာစစ်ဌာနကြီးကြပ်ရေးမှူးတွေကို တစ်ပါတည်း ခေါ်လာပြီး မေးခွန်းအရေအတွက် မှန်၊ မမှန်ကို တစ်ခါတည်းစစ်ဆေးချိတ်ပိတ်ပြီး လုံခြုံရေး သေတ္တာထဲကို ထည့်သိမ်း သွားရမယ်။ ပြီးရင် သက်ဆိုင်ရာ နယ်မြေရဲစခန်း၊ ဘဏ်တိုက်နဲ့ တပ်ရင်းတွေမှာ စနစ်တ ကျအပ်နှံထားကြဖို့ မှာကြားရှင်းပြခဲ့ပါတယ်။ ဒီစာမေးပွဲက တက္ကသိုလ်ကို ကူးပြောင်းလို့ရမယ့် အရေးကြီးတဲ့ စာမေးပွဲဖြစ်တာမို့ အားလုံးစိတ်လှုပ်ရှားနေကြမှာပါ။ ဒါကြောင့် ဆရာ၊ ဆရာမများအနေနဲ့ ဖြေဆိုသူတွေ စိတ်အေးအေးချမ်းချမ်း ဖြေဆိုနိုင်အောင် တာဝန်ယူ စောင့်ရှောက်ပေးကြဖို့နဲ့ ကျောင်းသား၊ ကျောင်းသူများကလည်း စိတ်အေးအေးထားပြီး ကြိုးစားဖြေဆိုကြပါလို့ မှာကြားလိုပါတယ်။”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေဆိုရန် စာရင်းပေးသွင်းသူ ၈၄၀ဝ၀ဝ ကျော်အတွက် စာစစ်ဌာန ၁၇၀ဝ ကျော်ဖွင့်လှစ်ပေးထားပြီး စာမေးပွဲကာလအတွင်း အခြေခံပညာကျောင်းများ၊ အကျဉ်းထောင်၊ ဆေးရုံကြီး စာစစ်ဌာနများတွင် ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website တွင် နေ့စဉ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)