ယခုပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများ မွေးစာရင်း၊ သန်းခေါင်စာရင်း မရှိသော်လည်း မိဘ၏ ဝန်ခံချက်ဖြင့် ကျောင်းအပ်နိုင်ပြီဖြစ်

ရန်ကုန် ၁၆ မေ 

 

ရန်ကုန်တိုင်းဒေသကြီး၏ လှိုင်သာယာမြို့နယ်တွင် ယခုနှစ် ပညာသင်နှစ်မှစ၍ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံရာတွင် ကလေးအသက် ထောက်ခံချက်၊ မွေးစာရင်းနှင့် သန်းခေါင်စာရင်း စသည့် မည်သည့်ထောက်ခံချက်မှ မလိုတော့ဘဲ မိဘ၏ ဝန်ခံချက် (ပုံစံ-က) ဖြင့် ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

“အရင်က ငါးနှစ်ပြည့်ကလေးကို ကျောင်းအပ်မယ်ဆိုရင် ကလေးအသက်ကို ရပ်ကွက် ထောက်ခံချက်နဲ့ သွားရတယ်၊ သန်းခေါင်စာရင်း၊ မွေးစာရင်းကိစ္စ ဆောင်ရွက်တဲ့အခါမှာ မိဘတွေ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ရတယ်၊ အခု နိုင်ငံတော်က မည်သည့် ထောက်ခံချက်မှ မလိုဘဲ မိဘရဲ့ဝန်ခံချက်နဲ့ ကျောင်းအပ်နှံနိုင်ပါပြီ၊ မိဘက (ပုံစံ-က) မှာ ဖြည့်စွက်ပြီးတာနဲ့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာနတို့က ဆက်လက် ဆောင်ရွက်ပေးသွားမှာပါ” ဟု မြို့နယ်ပညာရေးမှူး ဦးခင်ဝင်းက ပြောသည်။ 

 

ရွှေ့ပြောင်းလုပ်သားနှင့် ကျူးကျော်နေထိုင်သူများ အများဆုံးရှိရာ လှိုင်သာယာမြို့နယ်တွင် မွေးစာရင်းနှင့် သန်းခေါင်စာရင်း အခက်အခဲရှိသော ပြည်သူများ အများအပြားရှိနေပြီး ၎င်းတို့၏ သားသမီးများ ကျောင်းအပ်နှံချိန်တွင် အခက်အခဲ ကြုံတွေ့နေခဲ့ရာ ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းဖြင့် ကျောင်းနေအရွယ် ကလေးမှန်သမျှ အခက်အခဲမရှိ ကျောင်းအပ်နိုင်ပြီ ဖြစ်သည်။ မူလတန်းအဆင့်တွင် ကျောင်းဝတ်စုံနှင့် သင်ထောက်ကူ ပစ္စည်းများလည်း စုံလင်စွာ ရရှိသောကြောင့် ကျောင်းနေအရွယ် ကလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ပြီ ဖြစ်သည့်အပြင် ကျောင်းသား မိဘများ၏ ကျောင်းအပ်ချိန်တွင် ကြုံတွေ့နေရသော အခက်အခဲများကိုလည်း ကျော်လွှားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

 

လှိုင်သာယာမြို့နယ်တွင် အခြေခံကျောင်း ၅၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂၃ ကျောင်းရှိ၍ အစိုးရကျောင်းတွင် ကျောင်းသား ကိုးသောင်းခွဲ၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကျောင်းသား ၅၀ဝ၀၊ ကိုယ်ပိုင်ကျောင်းများတွင်ကျောင်းသား ၅၀ဝ၀ ကျော် ပညာသင်ကြားလျက်ရှိ၍ အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာမ ၁၀ဝ၀ ကျော်ဖြင့် သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။ 

 

သန်းထိုက်(လှိုင်သာယာ)၊ ဓာတ်ပုံ-သန်းစိုး

 

mdn