ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း (၂)ခုနှင့် အစီရင်ခံစာ (၄)ခု ဖတ်ကြားတင်သွင်းသွားမည်

နေပြည်တော် ၁၆ မတ်

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ-စိမ့်ကြီးလမ်း ပျက်စီးနေသည်ကို ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာမြသောင်းက ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးမြန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း အစီအစဉ်အပြီးမှာတော့ အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုက်ကြားစာဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ စသည့် အစီရင်ခံစာများကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ အစီရင်ခံစာများနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က “စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပါတ်မြို့၊ ရပ်ကွက်(၄)ခုစလုံး လွှမ်းခြုံနိုင်မည့် လျှပ်စစ်မီး သွယ်တန်းခြင်းကို ဆောင်ရွက်ပေးရန်” အစီအစဉ် ရှိ မရှိကို မေးမြန်းသွားမှာ ဖြစ်တယ်လို့ သိရသည်။

 

MDN