ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဖတ်ကြားတင်ပြခဲ့ 

နေပြည်တော်  ၁၆   သြဂုတ်

 

ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်  စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၇/၂၀၁၈) အပိုင်း(၁)ကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒသမနေ့တွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က “ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်  စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၇/၂၀၁၈) အပိုင်း(၁)ကို ဖတ်ကြားတင်ပြရာတွင် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသည် သက်ဆိုင်ရာ ဗဟိုအဖွဲ့အစည်း၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် အစုအဖွဲ့ အစည်းအဝေး ၁၀ ကြိမ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးတို့အပါအဝင် တာဝန်ရှိသူများနှင့် အစည်းအဝေး ၁၁ ကြိမ် စုစုပေါင်း အစည်းအဝေး ၂၁ ကြိမ် ပြုလုပ်၍ စိစစ်ခဲ့ပြီး လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို အပိုင်း ၃ ပိုင်း ခွဲခြားပြုစု၍ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၀၄ (က)၊ (ခ)၊ (ဂ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော်နာယကမှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြ အပ်ပါကြောင်း။

 

အပိုင်း(၁)အနေဖြင့် အမျိုးသားစီမံကိန်းအပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော်နိုင်မှု၊ အခွန်အကောက် ဥပဒေအပေါ် အကောင်အထည်ဖော်မှု၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအပေါ် အကောင်အထည်ဖော်မှု၊ နိုင်ငံတော်အပေါ် တင်ရှိနေသည့် ကြွေးမြီများနှင့် ဌာနအဖွဲ့အစည်းများမှ တင်ပြလာသော အမှန်စာရင်း (Actual) များအပေါ် လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်များကို အစီရင်ခံသွားမည် ဖြစ်ပါကြောင်း။

 

အမျိုးသားစီမံကိန်းဥပဒေကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စု စာရင်းစစ်ချုပ်၏ သုံးသပ်အကြံပြုချက်အနေဖြင့် လယ်ယာကဏ္ဍ အနည်းငယ် လျော့နည်းခဲ့သည်မှအပ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရည်မှန်းချက်ထက် ကျော်လွန်အကောင်အထည်ဖော် နိုင်ခဲ့ပါကြောင်း၊ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) မှာ ၂၀၁၆ - ၂၀၁၇ ခုနှစ်တွင် ၅ ဒသမ၉ ရာခိုင်နှုန်းရှိသဖြင့် ယခင်နှစ်များထက် လျော့နည်းခဲ့ပါကြောင်း၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များတွင် လုပ်ငန်းစီမံကိန်းအချို့ကို နိုင်ငံတကာနှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ ချေးငွေထောက်ပံ့ငွေများဖြင့် သုံးစွဲခဲ့ပြီး အချို့လုပ်ငန်းစီမံချက်များသည် လျာထားချက်အတိုင်း ဆောင်ရွက်နိုင်မှု မရှိသေးသည်ကို သုံးသပ်ထားပါကြောင်း။

 

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပေါ် အကောင်အထည်ဖော်မှု အနေဖြင့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် -၂၂ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်အရ အခွန်အကောက်ရငွေ၏ မူလခန့်မှန်းခြေမှာ ငွေကျပ် ၆၂၁၉ ဒသမ ၇၅၉ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေတွင် ငွေကျပ် ၆၅၁၂ ဒသမ ၇၀၄ ဘီလီယံသို့ တိုးမြှင့်လျာထားခဲ့ပါကြောင်း၊ အခွန်ကောက်ခံရရှိမှုမှာ ငွေကျပ် ၇၁၂၂ ဒသမ ၄၃၀ ဘီလီယံ ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ သုံးသပ်အကြံပြုချက်အနေဖြင့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ယူ ကောက်ခံသည့်အခွန် ၂၁ မျိုးတွင် အခွန် ၁၇ မျိုးမှာ လျာထားချက်ထက် ကျော်လွန်ကောက်ခံနိုင်ပြီး အခွန် ၄ မျိုးမှာ လျာထားချက်အတိုင်း ကောက်ခံနိုင်မှု မရှိခြင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံရန် ကြွေးကျန်များ ကျန်ရှိနေခြင်း၊ အခွန်ရရှိမှုနှင့် GDP အချိုးမှာ အခြားအာဆီယံ နိုင်ငံများထက် လျော့နည်းနေခြင်းတို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ထားပါကြောင်း။

 

ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအပေါ် အကောင်အထည်ဖော်မှု အနေဖြင့် ၂၀၁၆ -၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေကျပ် ၁၂၈၄ ဘီလီယံကို နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေဖြင့် ထပ်မံခွင့်ပြုခဲ့ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ သုံးသပ်အကြံပြုချက် အနေဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးရာတွင် အမှန်လို ငွေအတွက်သာ ထောက်ပံ့ပေးသင့်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ချက်အရ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက စည်းကြပ်ကောက်ခံ နိုင်သည့် အခွန်အခများကို ထပ်မံခွင့်ပြုပြီး ဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် အခွန်အခများ ပိုမိုစည်းကြပ်ကောက်ခံနိုင်ပြီး စွမ်းဆောင်ရည်များ ပိုမိုမြင့်တက်လာပါက ထောက်ပံ့ ငွေများကို လျော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပမှ ငွေချေးယူမှုများအား ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ငွေချေးယူခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပစ္စည်းဝယ်ယူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါအောင်မြင်သူများထံမှ ရယူသည့် လုပ်ငန်းပြီးမြောက်မှု အာမခံများကို ဌာနများ၏ ငွေထုတ်စာရင်းသို့ ပေးသွင်းပြီး အပ်ငွေအဖြစ် ထားရှိဆောင်ရွက်ပါက နိုင်ငံတော်၏ လိုငွေဖြစ်ပေါ်မှုကို လျော့နည်းစေမည်ဟု သုံးသပ်ထားပါကြောင်း။

 

နိုင်ငံတော်အပေါ်တင်ရှိနေသည့် ကြွေးမြီများအနေဖြင့် ပြည်ထောင်စုဝန်ကြီး ဌာနအလိုက် ပြည်ပကြွေးမြီ အခြေအနေမှာ စုစုပေါင်းချေးငွေပမာဏ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၁၂၃ ဘီလီယံအနက် ထုတ်ယူသုံးစွဲငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၄၁ ဘီလီယံ ပြန်လည်ပေး ဆပ်ပြီးငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၉၂ ဘီလီယံဖြစ်၍ ၂၀၁၇ခုနှစ် မတ် ၃၁ ရက်နေ့ရှိ ပေးချေ ရန် လက်ကျန်မှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၁၄၉ ဘီလီယံ ဖြစ်ပါကြောင်း။

 

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သုံးသပ်ချက်နှင့် အကြံပြုချက်အနေဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတိုးတက်မှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅ - ၂၀၁၆ ခုနှစ်ထက် လျော့နည်းခဲ့ရခြင်းမှာ လယ်ယာကဏ္ဍကြီး တစ်ခုလုံး၏ ထုတ်လုပ်မှုသည် ၂၀၁၅ - ၂၀၁၆ဘဏ္ဍာနှစ် ထုတ်လုပ်မှုကိုပင် မပြည့်မီခဲ့ခြင်းကြောင်း ဖြစ်သည်ကို သုံးသပ်ရရှိပါကြောင်း၊ အခွန်အကောက်ရရှိငွေ တိုးတက်လျက်ရှိသော်လည်း အခွန်ရရှိငွေနှင့် ဂျီဒီပီအချိုးမှာ နိမ့်ကျဆဲပင် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အခွန်ရငွေတိုးတက်မှုသည် ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုးတိုးတက်မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ကျော်လွန်ရရှိအောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ လက်ရှိအခွန်နှုန်းထားများမှာ သင့်လျော်သည့် နှုန်းထားများဖြစ်၍ နှုန်းထားတိုးမြှင့်ခြင်းမပြုဘဲ ဆောင်ရွက်သင့်သည်ကို သုံးသပ် အကြံပြုအပ်ပါကြောင်း။

 

ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်သော ပြည်ထောင်စုဝန်ကြီး ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက် နေ့ရှိ နိုင်ငံခြားသုံးငွေလက်ကျန်မှာ  အမေရိကန်ဒေါ်လာ ၅၇၁ ဒသမ ၇၃၉ သန်းဖြစ်ရာ ၎င်းလက်ကျန်ငွေများနှင့် စပ်လျဉ်း၍ ကြပ်မတ်ဆောင်ရွက်မှု အခြေအနေကို ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြရန် လိုအပ်သည်ကို သုံးသပ် အကြံပြု အပ်ပါကြောင်း။

 

ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ပအကူအညီရငွေနှင့် ချေးယူငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ၊ လုပ်ငန်းစီမံကိန်းများကို စီမံကိန်း လျာထားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်း၊ အကူအညီရ ငွေနှင့်  ချေးယူရငွေများကို ဘတ်ဂျက် ခွင့်ပြုချက်နှင့်အညီ ထုတ်ယူသုံးစွဲနိုင်မှု မရှိခြင်းတို့နှင့် စပ်လျဉ်း၍ သဘောတူစာချုပ်ပါ Disbursement Plan နှင့်အညီ ထုတ်ယူသုံးစွဲနိုင်ရေးနှင့် ၎င်းထုတ်ယူသုံးစွဲငွေပါ လုပ်ငန်းများအတိုင်း ပြည့်ပြည့်ဝ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်သည်ကို အကြံပြု အပ်ပါကြောင်း။

 

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသည် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနမှ ပြုစုပေးပို့ထားသော ၂၀၁၆ - ၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ၊ အခွန်ရငွေ အစီရင်ခံစာများနှင့် အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတို့နှင့် စပ်လျဉ်းသည့် အခြေအနေ အရပ်ရပ်တို့အပေါ် စိစစ်သုံးသပ်ပြီး လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၅)စောင်ကို ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြပြီး ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၇/၂၀၁၈) ၏ အပိုင်း (၂)နှင့် အပိုင်း (၃)တို့အား ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

MDN