ယင်းကျား၊ ယင်းနက်တို့ဌာနေသို့ အလည်တစ်ခေါက်

စာရေးသူ - စိုင်းဇော်လတ် (လင်းခေး)

စာရေးသူသည် ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်းရှိ ယင်းတိုင်းရင်းသား လူမျိုးတို့နေထိုင်ရာ ကျေးရွာအချို့ဖြစ်သော လွယ်ငင်းကြီး၊ လွယ်ငင်းလေးကျေးရွာနှင့် ပုတ်ပျံကျေးရွာ များသို့ ယခုနှစ်မေလအတွင်းက ဒေသန္တရလေ့လာရေး ခရီးတစ်ခေါက် ရောက်ရှိခဲ့ပါသည်။

 

ထိုသို့ သွားရောက်လေ့လာမှတ်သားခဲ့ရသည်များမှ ယင်းတိုင်းရင်းသားလူမျိုးစုဖြစ်သော ယင်းနက်၊ ယင်းကျားလူမျိုးများ၏အကြောင်း တစေ့တစောင်းအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

 

ယင်းလူမျိုးစုနှစ်မျိုး တွေ့ရှိရသည်။ ယင်းနက်လူမျိုး၊ ယင်းကျားလူမျိုးဟူ၍ ဖြစ်သည်။ ယေဘုယျ အားဖြင့် တူသယောင်ဟုထင်မှတ်ရသည်။ သို့သော် ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံ၊ ဓလေ့ရိုးရာများ အနည်းငယ်ကွဲပြားခြားနားလျက်ရှိကြသည်။ ထို့ကြောင့် ယင်းနက်နှင့် ယင်းကျားလူမျိုးနှစ်မျိုးတို့၏ အကြောင်းကို တင်ပြရသော် ယင်းလူမျိုးစု နှစ်စုလုံးသည် ရှေးယခင်နှစ်ပေါင်းများစွာကာလကပင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတို့တွင် စတင်နေထိုင်လာခဲ့ကြသော တိုင်းရင်းသား လူမျိုးစုများဖြစ်ကြောင်း ဒေသခံယင်းတိုင်းရင်းသားများက ပြောကြားသည်။

 

ယခုအခါ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ များ၌ အများဆုံးမှီတင်းနေထိုင်လျက်ရှိသည် ကို လေ့လာတွေ့ရှိရသည်။ ယင်းနက်လူမျိုးတို့အကြောင်းကို ဦးစွာတင်ပြလိုပါသည်။

ယင်းနက်တို့ နေထိုင်ရာ 

 

ယင်းနက်လူမျိုးတို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် လွယ်ငင်းကြီး၊ လွယ်ငင်းလေး၊ လွယ်ဆောင်၊ ပင်ဝင်၊ ကုန်းပုတ်၊ တာဆိုင်း၊ ကုန်းလမ်း၊ နမ့်ဟိုင်း၊ နောင်ဘို၊ ဆန်ခါ၊ လွယ်ရှန်၊ နမ့်ဟူး၊နောင်ရှန်နမ့်ဟူး၊ နောင်အိမ်၊ နမ့်ဝမ်ကျေးရွာနှင့် နမ့်မိုကျေးရွာဒေသ ရွာပေါင်း ၁၇ ရွာတို့၌နေထိုင်လျက်ရှိကြသည်။

 

ယင်းနက်တို့ အသက်မွေးဝမ်းကျောင်း 

 

စိုက်ပျိုးမွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြသည်။ ဆန်စပါး၊ ပြောင်း၊ နှမ်း၊ ပဲစင်းငုံ အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုး လုပ်ကိုင်ရာတွင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလယ်ယာလုပ်ငန်းရှင်အချင်းချင်း အပြန်အလှန်ကူညီရိုင်းပင်း၊ တစ်ဦးနှင့်တစ်ဦး လက်ခစားစနစ်ဖြင့် လုပ်ကိုင်စိုက်ပျိုးကြပါသည်။

 

အိမ်တိုင်းအိမ်တိုင်း ကျွဲ၊ နွား၊ ဝက်၊ ကြက် တစ်ပိုင်တစ်နိုင်မွေးမြူထားလေ့ရှိကြကာ တောင်ယာ လုပ်ကိုင်သူမိသားစုတွင်ကျွဲနွားအကောင်ရေ အနည်းဆုံး နှစ်ကောင်မှ၁၀ ကောင်အထိ မွေးမြူထား လေ့ရှိကြသည်ကို တွေ့ရှိရသည်။

 

ယင်းနက်တို့ ယုံကြည်ကိုးကွယ်မှုနှင့် ဘာသာစကားစာပေ 

 

ယင်းနက်တို့သည် အများစုမှာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည်။ နတ်ကိုးကွယ် ယုံကြည်မှု သည်လည်း ရှိကြသည်။ တောစောင့်တောင်စောင့်၊ ရွာစောင့်နတ်တို့ကိုကိုးကွယ်ကြသည်။ ထူးခြား သည်မှာယင်းနက်လူမျိုးတို့၏ အိမ်ခေါင်းရင်းတွင် ဝါးဖြင့်ပြုလုပ်ထားသော နတ်စင်များကို အိမ်တိုင်းကဲ့သို့ မြင်တွေ့ရသည်။

 

အခါကြီးရက်ကြီးနေ့များတွင် ဘုရားသွားကျောင်းတက်ခြင်းနှင့်တကွ ငှက်ပျောဖက်ဖြင့်ပြုလုပ်ထား သည့် ခွက်များတွင် ထမင်း၊ ဟင်း၊ လက်ဖက်၊ ငှက်ပျောသီးစုံစွာ အစရှိသည်တို့ထည့်၍ နတ်ပူဇော် လေ့ရှိကြကြောင်း သိရသည်။

 

ယင်းနက်လူမျိုးတို့သည် သီးခြားဘာသာစကားရှိသော်ငြားလည်း သီးခြားကိုယ်ပိုင် စာပေမရှိဟု ဆိုသည်။ “ကျွန်မတို့ ယင်းလူမျိုးစုအချင်းချင်း ယင်းစကားနဲ့ပဲ ပြောဆိုကြပါတယ်၊ အများနဲ့ကျတော့ ရှမ်းဘာသာစကားကို အများဆုံးအသုံးပြုပြောဆိုလေ့ရှိတယ်၊ ယင်းနက်လူမျိုးကို ယင်းဘာသာစကားနဲ့ လျှန်အေလို့ခေါ်ပါတယ်၊ ရှမ်းဘာသာအရ ယမ်းလမ်လို့ဆိုကြပြီး မြန်မာ(ဗမာ)လူမျိုးတွေ ကတော့ ယင်းနက်လို့ခေါ်ဆိုကြပါတယ်”ဟုလွယ်ငင်းလေးရွာနေ ယင်းနက်တိုင်းရင်းသူ နန်းဇာဇာထွန်းက ပြောကြားသည်။

 

ယင်းနက်တို့သည် ရိုးရာဝတ်စုံ အနက်ရောင်ကို ဝတ်ဆင်ကြသည်။ ယင်းနက်အမျိုးသားများ၏ ဘောင်းဘီမှာ ဘောင်းဘီခွသည် ဘောင်းဘီအောက်အဝနှင့် တစ်ဆက်တည်းဖြစ်သည်။ အမျိုးသမီး များက အပေါ်အင်္ကျီအနက်ရောင် ရှင်မီးပုံသဏ္ဌာန်ရက်လုပ်ထားပြီး အနက်ရောင်ဂါဝန်ဖြင့် တွဲဖက် ဝတ်ဆင်ထားကြသည်။ ယင်းနက်အမျိုးသမီးတို့၏ ခါးတွင် ကြိမ်ကွင်းများစွပ်ထားလေ့ရှိကြသည်။

 

ယင်းနက်လူမျိုးတို့၏ ရိုးရာဓလေ့ပွဲများမှာ တပို့တွဲလနှင့် တပေါင်းလသို့ရောက်လျှင်စုပေါင်းရှင်ပြုပွဲကို ကျင်းပလေ့ရှိကြသည်။ရိုးရာထိမ်းမြားမင်္ဂလာ လက်ထပ်ပွဲကိုသတို့သား၏အိမ်၌ ပြုလုပ်လေ့ရှိကြပြီး ထိမ်းမြားပွဲအတွက် ကုန်ကျစရိတ်ကို သတို့သားမိဘဘက်က တာဝန်ယူကျွေးမွေး ဆောင်ရွက် ကြကြောင်းနှင့် လက်ထပ်ပြီးနောက် ဇနီးမောင်နှံလိုက်နေမည့် မိဘများဘက်မှ ဆက်လက်တာဝန် ယူသွားကြကြောင်း၊မင်္ဂလာပွဲကျင်းပရမည့်ရက်တွင် ရွာလူကြီးသူကြီးအား ဖိတ်ခေါ်ကာ သတို့သမီး၊ သတို့သားတို့က ထမင်းဟင်း၊ လက်ဖက်တစ်ထုပ်၊ ငှက်ပျောသီး၊ ကြံသကာများပါသော ကန်တော့ပွဲဖြင့် ရွာသူကြီးထံမှ အကြင်လင်မယားအဖြစ် အသိအမှတ်ပြုခံရန်ကန်တော့ကြရသည်ဟု သိရှိရသည်။

 

အလားတူ သတို့သားအိမ်သို့လည်းသွားရောက်ပြုလုပ်ကြပြီးမှသာ မင်္ဂလာပွဲအထမြောက်ပါကြောင်း လွယ်ငင်းလေးရွာလူကြီးများက ဆိုသည်။

 

ယင်းနက်တို့ လက်မှုပညာ၊ တေးဂီတ၊ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံ 

ယင်းနက်လူမျိုးတို့သည် စပါးထည့်ရန် ပုတ်ကြီး၊ လွယ်ပလိုင်း၊ ဝါးဖျာရက်လုပ်ခြင်းနှင့် အမျိုးသမီးတို့၏ မိရိုးဖလာ ရက်ကန်းရက်ခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်ကြသည်။ ယင်းနက်အမျိုးသမီးငယ်များ အသက် ၁၈ နှစ်ပြည့်လျှင် ရက်ကန်းရက်ပညာကို မိဘများကမဖြစ်မနေ စတင်သင်ကြားပေးကြရကြောင်း သိရသည်။

 

ယင်းနက်တို့တေးဂီတအနေဖြင့် ၎င်းတို့တွင် ဝေါ်ကွန့်ဟုခေါ်သည့် အဆိုအကနှင့် မက်ဟုခေါ်သည့် အဆိုအတီးအဖွဲ့ နှစ်ဖွဲ့ရှိပြီး သီဆိုရာ၌ ကဗျာကိုရွတ်ဆိုကြသည်။ ဝါးဖြင့် ပြုလုပ်ထားသော တူရိယာကိုသာ အသုံးပြုတီးမှုတ်ကြသည်။

 

ကျစဝပ်ဟုခေါ်သည့် ဝါးပုလွေကိုမှုတ်၍ ကျား၊ မ စုံတွဲရိုးရာအကသည် ယင်းနက် လူမျိုးစုတို့၏ ရိုးရာအကဖြစ်သည်။ ယင်းအပြင် ခေါ်ကွန့်အမည်ရှိ ကပွဲအား သင်္ကြန်ကာလအပြီး အထိမ်း အမှတ်အဖြစ် ကျင်းပကြသည်။

 

ယင်းနက်တို့သည် ထရံကာ၊ သက်ငယ်မိုး၊ ခြေတံရှည်အိမ်အမြင့်များ ဆောက်လုပ်နေထိုင်ကြသည်။ ဝင်ပေါက်တစ်ခုသာထားရှိကြပြီး ယင်းနက်တို့၏ ဆွေမျိုးမိသားစုဝင် အိမ်ထောင်စုများသည် အိမ်ရာခြံဝင်းကျယ်သော နေရာတို့၌ ဖော်ပြခဲ့ပြီး ခြေတံရှည်အိမ် များအား ဆောက်လုပ်ကာ အေးအတူပူအမျှတစုတရုံးတည်း စုပေါင်းနေထိုင်ခဲ့ကြကြောင်းနှင့် ယင်းနက်တိုင်းရင်းသား လူမျိုး တို့သည် ရိုးရာဓလေ့၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်၊ သာမှု၊ နာမှုကိစ္စအဝဝတို့အား ရိုးရှင်းစွာဖြင့် အသက်ရှင်နေထိုင်ကြသူများဖြစ်ပါကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

 

ဆက်လက်၍ ယင်းကျားလူမျိုးများနေထိုင်ရာ နမ့်စန်မြို့နယ် ပုတ်ပျံရွာသို့ စာရေးသူ သွားရောက်လေ့လာခဲ့သည်။

 

ယင်းကျားလူမျိုးတို့နေထိုင်ရာ 

 

ယင်းကျားတို့သည် ဖော်ပြခဲ့ပြီးသော ယင်းနက်တို့အလားတူ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသများတွင် ရှေးပဝေသဏီမှစ၍ ပေါက်ဖွားနေထိုင်လာခဲ့ကြသည့် မြန်မာတိုင်းရင်းသား လူမျိုးစုတစ်ခုဖြစ်သည်ဟု ယင်းကျားလူမျိုးစုနောက်ခံသမိုင်း၌ ဖော်ပြထားသည်။

 

ယခုမျက်မှောက်ကာလ၌ ယင်းကျားလူမျိုးအများစုသည် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်၏ အရှေ့တောင်ဘက်အရပ်ဒေသနေရာများဖြစ်သော ကျီးအစ်ကျေးရွာ၊ လွယ်ဆိုင်း၊ လွယ်ဖွီး၊ ပုတ်ပျံရွာ၊ လွယ်စန့်၊ တွံတီး၊ လွယ်ပေါင်း၊ မောက်ကျန်ကျေးရွာနှင့် စံဝကျေးရွာ စသည့်ရွာပေါင်း ကိုးရွာတွင် တစုတစည်း အများဆုံးမှီတင်းနေထိုင်လျက်ရှိကြသည်ကို လေ့လာတွေ့ရှိနိုင်သည်။

 

ယင်းကျားတို့၏ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကားနှင့် အပြောအဆို၊ စကားပုံများ 

 

ယင်းကျားတို့သည် ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။ ယင်းနက်တို့နှင့်အလားတူ နတ်ကိုးကွယ် ယုံကြည်မှုရှိကြသည်။ ယင်းကျားတို့၏ ဘာသာစကားမှာ မွန်ခမာအုပ်စု၊ “ဝ”၊ ပလောင်အုပ်စုခွဲတွင် ပါဝင်ကြောင်းသိရသည်။

 

ယင်းလူမျိုးတို့၏ ဘာသာစကား၊ ယဉ်ကျေးမှုတို့သည် ပလောင်လူမျိုးတို့နှင့် အလွန်နီးစပ်သောကြောင့် ယင်းကျား၊ ယင်းနက်နှစ်မျိုးစလုံးကို မသိသေးသောသူအချို့က ပလောင်လူမျိုးဟု ထင်ကြသည်။ ယင်းကျား၊ ယင်းနက်လူမျိုးစု နှစ်ခု၏ပြောဆိုကြသော ဘာသာစကားမှာ ယေဘုယျ အားဖြင့် တူသယောင်နှင့် ကွဲပြားကြောင်းလေ့လာတွေ့ရှိနိုင်သည်။ ယင်းနက်တို့ စကားပြောလျှင် အသံနေအသံထားမာ၍ ပေါ့ပြီး ယင်းကျားတို့စကားက အသံလေး၍ ပျော့သည်။ စကားပြောနှေးသည်။ ယင်းကျားစကားသည် ရှမ်းစကားလည်းမဟုတ်။ သို့သော် ရှေးယခင်က ရှမ်းလူမျိုးတို့နှင့် အများဆုံး ရောနှောနေထိုင်လာခဲ့ကြရသောအခါ ရှမ်းစကားကို အများသုံးပြောဆိုကြကြောင်းယင်းကျားတို့က ဆိုသည်။

 

 

ယင်းကျားစာပေမရှိသေး 

ဘာသာစကားသာရှိသည်။ အများအားဖြင့် ယင်းကျားစကားအပြင် မြန်မာစကား၊ မြန်မာစာ၊ ရှမ်းစကား၊ ရှမ်းစာနှင့် ပအိုဝ်းဘာသာစကားနှင့် စာပေအရေးအသားများကို လေ့လာသင်ယူ အသုံးပြု လျက်ရှိကြသည်ကို လေ့လာမှတ်သားခဲ့ရသည်။

 

ထို့ကြောင့် ယင်းကျားလူမျိုးစုတို့၌ကိုယ်ပိုင်ဘာသာစကားရှိသော်လည်း ကိုယ်ပိုင် စာပေမရှိသေးသော လူမျိုးစုတစ်ခုဖြစ်ကြောင်း ယင်းကျားတို့၏ ထူးခြားချက်ဟုဆိုရမည့် လူကြီးသူမများက မိမိတို့၏ သားသမီးလူငယ်မောင်မယ်တို့အား ဆုံးမပြောဆိုရာတွင် ယင်းကျားစကားပုံများဖြင့်သာ သာဓကပုံဆောင်ဆုံးမပြောဆိုတတ်လေ့ရှိကြသည်ကိုတွေ့ရှိရပေသည်။

 

ယင်းကျားတို့၏စကားပုံအချို့မှာ “ကျားဆိုးရာ ကံမယုံနဲ့၊ ဝါးလှန်းရင် စောစောလှန်း၊ စောစောထရင်စားရမယ် နောက်ကျမှထရင် ဆန်ပြုတ်ပဲစားရမယ်၊ စောစောစိုက်ရင် ရောင်းဖို့ရမယ် နောက်ကျမှစိုက်ရင် စားဖို့ပဲရမယ်၊ ကလေးမကျမီ ကြမ်းပြင်ထား၊ လူကိုခင်ရင် ရက်ကန်း အတူမရက်နဲ့” ဟူသော အစရှိသည့် မှတ်သားဖွယ်ရာ ယင်းကျားတို့၏ ကံ၊ ဉာဏ်၊ ဝီရိယဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စကားအပြောအဆိုဆိုင်ရာ၊ ကျေးဇူးတရားနှင့် ဆိုင်ရာ၊ လူ့ကျင့်ဝတ်ဆိုင်ရာ၊ အတွေးအခေါ်အယူအဆပိုင်းဆိုင်ရာ ယင်းကျားစကားပုံ များစွာရှိကြောင်း လေ့လာမှတ်သားရသည်။

 

ယင်းကျားတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးသည် ယင်းနက် လူမျိုးတို့နှင့် တူညီကြသည်။ မတူညီသော အချက်တစ်ခုမှာ ယင်းကျားလူမျိုးတို့သည်စိုက်ပျိုးမြေကိုရွေးချယ်ရာ၌ မြေကျယ်သောနေရာကို ရွေးချယ်ရွာတည်လေ့ရှိကြ၏။ ရေနှင့်ဝေးသော နေရာများ၏။

 

ထို့ကြောင့် အချို့က ဒဏ္ဍာရီဆန်ဆန်ဤသို့ပြောကြသည်။ ယင်းကျားတို့သည် ယင်းလူမျိုးတို့သည် ဘုရားလောင်းကြွလာစဉ် အခါက ရေမတိုက်ခဲ့သည်ကြောင့် ယခုကဲ့သို့ ယင်းရွာများတွင် ရေရှားပါးရခြင်းဖြစ်သည်ဟု အချင်းချင်းပြောဆိုသမုတ်လေ့ရှိကြောင်း ယင်းကျားရွာသူ၊ ရွာသားများက ပြောကြားခဲ့ကြသည်။

 

ယင်းကျားတို့သည် ချင်း(ဂျင်း)၊ ငရုတ်၊နာနတ်၊ ပဲစင်းငုံ၊ ပြောင်း၊ ဆန်စပါးတို့ကို အဓိက ထားစိုက်ပျိုးကြကြောင်း တွေ့ရှိရသည်။ ကျွဲ၊ နွား၊ ကြက်၊ ဝက် အိမ်မွေးစနစ်တူညီကြသည်။

 

ယင်းကျားတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုပွဲတော်များနှင့် ရိုးရာဝတ်စားဆင်ယင်မှုတို့မှာ ယင်းနက်လူမျိုးတို့နှင့် အလားဆင်သော်လည်း ယင်းကျားအမျိုးသမီးဝတ်စုံမှာ အရောင်စင်းကျား ဒေါင်လိုက်ထည့်သွင်း ရက်လုပ်ထားသည်က တစ်မျိုးလေးပိုမိုလှပစေသည်ဟုထင်မှတ်ရနိုင်ပေသည်။

 

အမျိုးသားများက ယင်းနက်ကဲ့သို့အနက်ရောင်အင်္ကျီ၊ ဘောင်းဘီကို ဝတ်ဆင်ထားကြသည်။ ယင်းကျားတို့သည် ရိုးရာစုပေါင်းရှင်ပြုအလှူမင်္ဂလာပွဲများမှာ ယင်းနက်တို့နှင့်တူညီကြသည်။ ယင်းကျားတို့က နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်ရေလောင်းပွဲကျင်းပခြင်း၊ မီးရှူးလွှတ်တင် ယှဉ်ပြိုင်ပွဲ ကျင်းပခြင်းနှင့်ယင်းကျားလူမျိုးတို့၏ ရာဇဝင်သမိုင်းကြောင်းအရ မိမိတို့လူမျိုးနွယ်စုတို့ စတင် ပေါက်ဖွားလာရာ နေရာဒေသဟု စွဲမှတ်ပြုယုံကြည်ခဲ့ကြသည့်ရသေ့တောင်(မင်းလောင်းဂူ)သို့ သွားရောက်ကြကာ ယင်းကျားကျေးရွာ ကိုးရွာရှိ လူမျိုးစုတို့အားလုံးက ပွဲလှူနမ့်(ခေါ်) ယင်းကျားလူမျိုး တို့၏ ရေလောင်းလှူသည့် ပွဲတော်သည်ယင်းနက်တိုင်းရင်းသားလူမျိုးစုများနှင့် ယင်းလူမျိုးနွယ်စုတွင် တူညီသယောင်နှင့် မတူဘဲတစ်မူကွဲပြားလျက်ရှိကြသော်ငြား အတူတကွ ညီညွတ် စုပေါင်းနေထိုင်လျက်ရှိကြသည်။ ။