ယင်ဖြူပိုးနှင့် ဈေးကွက်အခြေအနေတို့ကြောင့် မင်းဘူးမြို့နယ်မှ ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများ အခက်ကြုံနေ

မင်းဘူး၊ ၂၀ ဒီဇင်ဘာ

 

ဂန္ဓမာပန်းများ လှိုင်လှိုင်ပွင့်နေချိန်တွင် ယင်ဖြူပိုးကျရောက်မှုနှင့်အတူ ကပ်ရောဂါကာလ အရောင်းအဝယ် ဈေးကွက်ကျဆင်းနေသည့် အခြေအနေတို့ကြောင့် မင်းဘူးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများ အခက်ကြုံနေရကြောင်း သိရှိရသည်။

 

“ဂန္ဓမာပန်းက ဘုရာပန်းကပ်ဖို့အတွက်ပဲ အဓိကရောင်းရတာပါ။ ဒီနှစ် ယင်ဖြူတွေကျတော့ ပန်းရဲ့လှပမှုကိုလည်း ထိခိုက်တယ်။ ကိုဗစ်ကာလဆိုတော့ ပန်းဈေးကလည်း အရင်နှစ်တွေကလောက် မရဘူး။ ပိုးသတ်ဖို့အတွက် ကုန်ကျစရိတ်တွေလည်းရှိတော့ ပန်းစိုက်ရတာ ဒီနှစ် တွက်ချေမကိုက်ဘူး” ဟု ပန်းစိုက်ပျိုးသူ ကိုဇော်မင်းက ပြောသည်။

 

မင်းဘူးမြိုနယ်ရှိ ကျေးရွာများအနက် ရေတွင်းကုန်းကျေးရွာအုပ်စုမှာ ဂန္ဓမာပန်းကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး ဇွန်လမှ ဧပြီလအတွင်း ပန်းစိုက်ပျိုးရောင်းချမှုများ လုပ်ဆောင်ကြကြောင်း၊ ရွှေဝါဝင်း၊ လပ်ကီး၊ ရွှေစိမ်း၊ ငုရွှေဝါ စသည့် ဂန္ဓမာပန်း အမျိုးအစားများကို စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများထံက သိရသည်။

 

“ကိုဗစ်ကာလဆိုတော့ အသွားအလာကန့်သတ်တဲ့ ဒေသတွေလည်း ရှိလာတယ်။ စိုက်ခင်းတွေကနေဝယ်ပြီး ဈေးတွေမှာ ပြန်ရောင်းတဲ့အခါမှာ အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ ပန်းက အရင်လိုလည်း ရောင်းမကောင်းဘူး” ဟု ပန်းဖောက်သည်ယူ၍ ရောင်းချသူ မမွန်မွန်က ဆိုသည်။

 

မိုးဦးကာလက နှမ်းမကောင်း၍ ပန်းစိုက်ပျိုးမှုဘက်သို့ ပြောင်းလဲလုပ်ကိုင်သူများလည်းရှိခဲ့ပြီး ဇွန်လအတွင်း ဂန္ဓမာပန်းစိုက်ပျိုးကြသူများမှာ မိုးများမှုဒဏ်ခံရကာ ပျက်စီးဆုံးရှုံးမှုများ ကြုံခဲ့ရသေးကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများထံက သိရှိရသည်။

 

ဇေယျတု(မကွေး)