ယုံကြည်မှုဆိုရာတွင်...

၂၆  နိုဝင်ဘာ

 

နိုင်ငံတကာဆက်ဆံရေးဆိုသည်က တစ်နိုင်ငံနှင့်တစ်နိုင်ငံ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြ၊ ကူညီရိုင်းပင်းကြ၊ ဆက်ဆံကြရခြင်းဖြစ်သည်ဟု နားလည်ပါသည်။

 

သည်လိုဆက်ဆံကြရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယုံကြည်မှုရှိကြရေးကလည်း အရေးကြီးသော လိုအပ်ချက်ဖြစ်ပါသည်။ ဤနေရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံဆိုသည်မှာ ပြည်သူလူထု အချင်းချင်းကြား မှာရှိသည့် ယုံကြည်ဆက်ဆံမှုဖြစ်ရပါမည်။

 

ယုံကြည်မှုဆိုသည်က ယုံယုံကြည်ကြည်ဆက်ဆံပါဟု ပြောနေရုံမျှဖြင့် ဖြစ်လာနိုင်သည်မဟုတ်ပါ။ ယုံကြည်မှုတည်ဆောက်သည်ဟူသည့် လက်တွေ့လုပ်ငန်းပြယုဂ်များရှိနေမှသာ ယုံကြည်ကြမည်ဆိုသည့် သဘော ရှိပါ၏။

 

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် အလုပ်သမားလယ်သမားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ရမည်ဟူသည့် မူဝါဒများလုပ်ငန်းစဉ်များချ၍ အလုပ်သမားထု စည်းဝေးပွဲကြီးများ၊ တောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲကြီးများ ကျင်းပကာ ဆွေးနွေးပြောဆိုကြ၊  ကြွေးကြော်သံများ ဟစ်ကြ လုပ်ခဲ့ကြဖူးပါသည်။ ဝမ်းသာအားတက်သူများက ဝမ်းသာအားတက်မှုများ ဖြစ်လာကြသော်လည်း မကြာမီမှာပင် ထိုကြွေးကြော်သံများကို ပြည်သူတို့ မယုံမကြည်ဖြစ်လာခဲ့သော သာဓကများ ရှိခဲ့ပါသည်။

 

အလုပ်သမား၊ လယ်သမားထု ကောင်းစားရေးဟူသည့် ဆောင်ပုဒ်များ မှာ အလုပ်သမား လယ်သမားထု၏ အကျိုးစီးပွားအတွက် အမှန်တကယ် ဖော်ဆောင်လိုခြင်းမဟုတ်ဘဲ ခေါင်းဆောင်တို့၏ အကျိုးစီးပွားအတွက် ဝါဒဖြန့်မှုသက်သက်ဟု ယူဆလောက်သည့် လက်တွေ့လုပ်ငန်းများက ယုံကြည်မှုကို လျော့ပါးစေခဲ့သည် မဟုတ်ပါလော။

 

လက်တွေ့တွင် အလုပ်သမား၊ လယ်သမားလူတန်းစားတို့၏ ဘဝများမှာ ဆင်းရဲမွဲတေမှုနွံထဲသို့ နစ်သွားခဲ့ရပြီး အလုပ်သမား လယ်သမားအကျိုးဟု ကြွေးကြော်သံတိုင်ပေးသူများက ချမ်းသာကြွယ်ဝသွားခဲ့ခြင်းက မယုံကြည်မှုတည်ဆောက်ခဲ့ခြင်း မဟုတ်ပါလော။

 

ယုံကြည်မှုဆိုသည်မှာ မိမိကိုယ်ကျိုးစီးပွား တစ်ခုတည်းပေါ်မှာမူတည်ပြီး အားထုတ်ဆောင်ရွက်၍ ရကောင်းသောအရာ မဟုတ်ပါချေ။ မိမိကိုယုံကြည်လော့ဟု မည်မျှပင်ဟစ်ကြွေးနေသော်လည်း ယုံကြည်လောက်စရာလက်တွေ့မပြနိုင်ပါက ယင်းယုံကြည်မှုကို မည်သို့ရနိုင်ပါအံ့နည်း။

 

ထို့ကြောင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာရှိသည့် တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို အတူတကွ လက်တွဲတည်ဆောက်ကြမည်ဆိုလျှင် နိုင်ငံတွင်းရှိ ပြည်သူတို့အကြားမှာ ရှိသည့် ယုံကြည်မှုကိုမရဘဲ မဖြစ်နိုင်ပါ။

 

ထို့ပြင် ယုံကြည်မှုတည်ဆောက်ကြသူတို့အကြားရှိရမည့် နားလည်မှုစာနာမှုတို့မပါဝင်ဘဲ တစ်ဖက်သတ် တွန်းတိုက်နေခြင်းကလည်း ယုံကြည်မှုကို ရရှိလိမ့်မည်မဟုတ်ပါ။

 

ထို့အတူ ပေတံနှစ်ချောင်း စံနှုန်းနှစ်ခုနှင့် ဝေဖန်ပြောဆိုခြင်းအားဖြင့်လည်း ယုံကြည်မှုရလိမ့်မည်မဟုတ်ပါ။ ကိုယ်တိုင်က လက်နက်ရောင်းဝယ် ဖောက်ကားနေသည့် ဈေးကွက်တွင်းမှာ စီးပွားရှာနေပြီး လူမသတ်ရေး တရားဟောနေသည့်နည်းဖြင့် ယုံကြည်မှုတည်ဆောက်၍ ရနိုင်လိမ့်မည်မဟုတ်ပါ။

 

တစ်ပါးသူ၏ အခက်အခဲပြဿနာ အကျပ်အတည်းတို့ကို စာနာနားလည်မှုဟူ၍ တစ်ခါမျှမထားဖူးဘဲ ကိုယ်ကျိုးစီးပွားပေါ်လာကာမှ အတူပူးပေါင်းကြရန် မိမိကိုယုံကြည်ပါမည့်အကြောင်း သကာဖုံးကာ ပြုံးကာမျှနှင့်လည်း ယုံကြည်မှုရလိမ့်မည် မဟုတ်ပါ။

 

မူမရှိ၊ သီလမရှိ၊ ကျင့်ဝတ်မစောင့်ထိန်းခဲ့ဘဲ မိမိကို ယုံကြည်ကြဖို့ တောင်းဆိုနေခြင်းက ယုံကြည်မှုရရှိလာမည့် နည်းလမ်းမဟုတ်ဟု ယူဆပါသည်။

 

နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ လူမှုရေးဖြစ်စေ၊ နိုင်ငံတကာအရေးဖြစ်စေ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြဖို့လိုသည်ဟုဆိုလျှင် အထက်တွင်တင်ပြသကဲ့သို့ ယုံကြည်လောက်သည့် စောင့်ထိန်းမှုများ လက်တွေ့လုပ်ငန်းများ ဖော်ထုတ်လုပ်ဆောင်ကြရန်လိုပါမည်ဟု တွေးထင်မိသည့် အတိုင်း တင်ပြလိုက်ရ ပါကြောင်း။ ။(မြန်မာ့အလင်း)