ယူအီးအက်ဖ်အေ စူပါဖလားဗိုလ်လုပွဲအဖြစ် ချယ်ဆီးနှင့် ဗီလာရီးရဲအသင်းတို့ ယှဉ်ပြိုင်ကစားမည်

ယူအီးအက်ဖ်အေ စူပါဖလားဗိုလ်လုပွဲအဖြစ် အင်္ဂလန်ကလပ် ချယ်ဆီးအသင်းနှင့် စပိန်ကလပ် ဗီလာရီးရဲ အသင်းတို့ပွဲစဉ်ကို သြဂုတ် ၁၂ ရက် နံနက် ၁ နာရီခွဲတွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါ ဖလားဗိုလ်လုပွဲကို ယူအီးအက်ဖ်အေက ကြီးမှူးပြီးချန်ပီယံလိဂ်ဖလားရရှိသည့် အသင်းနှင့် ယူရိုပါလိဂ်ဖလားရရှိသည့် အသင်းတို့ကို ယှဉ်ပြိုင်ကစားစေခြင်းဖြစ်သည်။

ချယ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲတွင် မန်စီးတီးအသင်းကို ဟာဗက်ဇ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားသည့် အသင်းဖြစ်သည်။ ဗီလာရီးရဲအသင်းက ပြီးခဲ့သည့် ရာသီ ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲတွင် မန်ယူအသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် ၁၁ ဂိုး - ၁၀ ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ် ဖလားကို ဆွတ်ခူးထားသည့်အသင်းဖြစ်သည်။

ချယ်ဆီးအသင်းသည် ရာသီအကြို ပြင်ဆင်မှုအနေဖြင့် ခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင်ကစားထားရာ စပါးအသင်းနှင့် ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျထားပြီး ဘုန်းမောက်၊ အာဆင်နယ်အသင်းတို့ကို နှစ်ဂိုးတစ်ဂိုးစီဖြင့် အနိုင်ရရှိထားသည်။ ထို့ကြောင့် ချယ်ဆီးအသင်းသည် ရာသီအကြိုပြင်ဆင်မှု အနေအထားအရ ခြေစွမ်းထက်မြက်နေသည်ကို တွေ့ရသည်။ ပြိုင်ဘက် ဗီလာရီးရဲအသင်း၏ ရာသီ အကြိုပြင်ဆင်မှုကိုကြည့်လျှင် လေးပွဲယှဉ်ပြိုင်ကစားထားပြီး နိုင်ပွဲမရရှိဘဲ လီဗန်တေး၊ လိဒ်စ်အသင်း တို့နှင့် ပွဲစဉ်တွင် သရေကျထားပြီး မာဆေးလ်၊ လက်စတာ အသင်းတို့နှင့် ပွဲစဉ်တွင် ရှုံးနိမ့်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ဗီလာရီးရဲအသင်း၏ ရာသီအကြိုပြင်ဆင်မှုမှာ ခြေစွမ်းအကျဘက် ရောက်နေ သည်ကို သတိပြုရမည်။

ထို့ကြောင့် ယူအီးအက်ဖ်အေစူပါဖလားကို မည်သည့်အသင်းက ကိုင်မြှောက်ခွင့်ရရှိပြီး ရာသီသစ်ကို ဖွင့်လှစ်သွားမလဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

အောင်ဇော်