ယူရိုဖလားနှင့် ကမ္ဘာ့ဖလားတို့ကို အင်္ဂလန်အသင်း ဆွတ်ခူးနိုင်စွမ်းရှိကြောင်း ဒီဘရိုင်းနား ယုံကြည်

၁၁  အောက်တိုဘာ

အင်္ဂလန်အသင်းဟာ ငယ်ရွယ်ပြီး အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားတာကြောင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ ယှဉ်ပြိုင်မယ့် ယူရိုဖလားမှာရော ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာပါ ဗိုလ်စွဲနိုင်ဖို့ စွမ်းဆောင်ရည် အပြည့်အဝရှိနေတယ်လို့ ဘယ်လ်ဂျီယံကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနားက  ထောက်ခံချက် ပေးလိုက်ပါတယ်။ ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကြတာပါ။

 

ဒီဘရိုင်းနားက အင်္ဂလန်အသင်းရဲ့ ကစားပုံက စိတ်လှုပ်ရှားစရာကောင်းသလို ငယ်ရွယ်ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြည့်ဝနေတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် အသင်းအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် ယူရိုဖလားမှာ ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားသင့်တယ်လို့ ဆိုပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်ကလည်း ဒီဘရိုင်းနားနဲ့ တူညီတဲ့ အမြင်ရှိပြီး ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းအနေနဲ့ နေရာစုံ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား  အစုအဖွဲ့ကို ပိုင်ဆိုင်ထားပြီဖြစ်တာကြောင့် အဓိကဖလားကြီးတွေကို  ရရှိဖို့ ပစ်မှတ်ထားရမယ့် အချိန်လို့ အကြံပြုပါတယ်။

 

ဘယ်လ်ဂျီယံအသင်းက လက်ရှိ ကမ္ဘာ့အဆင့် (၁)နေရာမှာ ရပ်တည်နေသလို အင်္ဂလန်ကလည်း လက်ရှိ ကမ္ဘာ့အဆင့် (၄)နေရာကို ရောက်ရှိနေတာဖြစ်ပြီး ယနေ့မှာတော့ သူတို့နှစ်သင်း  နေရှင်းလိဂ်ပြိုင်ပွဲ အဖြစ် ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

မေလဲ့သင်း