အာဖဂန်ပြည်နယ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်သွေးကြွ ၈ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ဖာရတ်ပ်ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ရာ  တာလီဘန် စစ်သွေးကြွ အုပ်ချုပ်ရေး အရာရှိ နှစ်ဦးအပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  အစိုးရတာဝန်ရှိသူ က ယနေ့ပြောကြားခဲ့သည်။

အစိုးရ တာဝန်ရှိသူက အဆိုပါ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များ (သို့မဟုတ် ) အရပ်သားများ ထိခိုက်ဒဏ်ရာရ သေဆုံးသည့် သတင်းအသေးစိတ်အချက်အလက်ကို ပြောကြားခဲ့ခြင်းမရှိကြောင်း  သတင်းဖော်ပြထားသည်။

ယင်းနယ်မြေရှိ  အစိုးရတပ်ဖွဲ့များနှင့် တိုက်ခိုက်နေသော စစ်သွေးကြွများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း  တစ်စုံတစ်ရာ ပြောကြားခြင်းမရှိခဲ့ပေ။

အာဖဂန်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ တာလီဘန် အမာခံစခန်းများမှ တစ်ချိန်က ငြိမ်းချမ်းခဲ့သော မြောက်ပိုင်းအထိ တာလီဘန်များ ပျံ့နှံ့နေသည့်အတွက် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို