အီးယူ-ဂျပန် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လွတ်လပ်တဲ့ကုန်သွယ်မှုတစ်ခု ဖြစ်လာတော့မှာလား

ဥရောပသမဂ္ဂဟာ မကြာသေးမီက ဂျပန်နိုင်ငံနဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။ အဲဒီသဘော တူညီချက်ကို ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေးသဘောတူညီချက်လို့ ခေါ်ဆိုလို့ ရနိုင်ပါတယ်။ သူ့ရဲ့ စီးပွားရေး လွှမ်းခြုံနိုင်မှုကတော့ ကမ္ဘာ့ဂျီဒီပီရဲ့ တတိယအဆင့်လောက်ရှိတယ်လို့ သိရပါတယ်။

လွတ်လပ်တဲ့ ကုန်သွယ်မှုတစ်ခုဖြစ်

အဲဒီသဘောတူညီချက်ဟာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ စတင်အကျုံးဝင်မယ်လို့ သိရပြီး ဒါဟာ ဥရောပအတွက်ကတော့ ကိုယ်ကျိုးစီးပွားကာကွယ်မှုတွေလုပ်နေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အီးယူမှ ထွက်ခွာမယ့် ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်စတဲ့ အချက်တွေကို ကာကွယ်ရင်ဆိုင်သွားနိုင်မယ့် လွတ်လပ်တဲ့ ကုန်သွယ်မှုဆိုင်ရာ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဂျပန်နိုင်ငံနဲ့ စီးပွားရေးမိတ်ဖက်လုပ်နိုင်တာဟာ အခုဆိုရင်အမှန်တကယ်ကို အကောင် အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်” လို့ အီးယူကုန်သွယ်ရေးအကြီးအကဲ ဆယ်ဆီလီယာ မန်စထရောင်းက ပြောပါတယ်။

အတည်ပြုခဲ့

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ အစီအစဉ်အတိုင်း အီးယူမှ နုတ်ထွက်ဖို့ အရေး ကျားကုတ်ကျားခဲ ကြိုးစားနေရတဲ့ အခြေအနေမှာတောင် အီးယူက အခုလို ဂျပန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း တကယ်ဖြစ်သင့် တာကတော့ အကယ်၍ ဗြိတိန်သာအီးယူက မနုတ်ထွက်ခဲ့ဘူးဆိုပါက အခုလိုမျိုး ကုန်သွယ်ရေးသဘောတူညီချက်ဟာ ဗြိတိန်နဲ့ ပိုပြီးသင့်တော်တယ်လို့တချို့ အီးယူခေါင်းဆောင်တွေကသုံးသပ်ပါတယ်။

“လတ်တလောမှာ ဗြိတိန်နဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ မတည်ငြိမ်သေးပါဘူး။ သို့သော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ တစ်ခုခုကိုတော့ ညှိနှိုင်းလို့ ရနိုင်ပါလိမ့်မယ်” လို့အီးယူကုန်သွယ်ရေးအကြီးအကဲ ဆယ်ဆီလီယာ မန်စထရောင်းက ပြောပါတယ်။

ဘရီးဇစ်အရေး နောက်ကျဖွယ်ရှိ

ဗြိတိန်အရေးဟာ ဂျပန်နဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုအရေးထက်ပိုပြီး နောက်ကျဖွယ် ရှိနေကြောင်းလည်းမန်စထရောင်းက ဆက်ပြောပါတယ်။

လူဦးရေပေါင်း သန်း ၆၃၀ ကျော်လောက်ကို လွှမ်းခြုံမှုလုပ်နိုင်ရုံတင်မကဘဲ စီးပွားရေးမှာလည်း ကမ္ဘာ့တတိယအကြီးဆုံး ထုတ်လုပ်မှုတွေ လုပ်နိုင်မယ့် အီးယူ-ဂျပန် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်ကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

လက်ခံကြိုဆို

စီးပွားရေးအကျိုးမျှော်သမားတွေကတော့ အခုလို အီးယူ-ဂျပန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်ခံကြိုဆိုကြတယ်လို့လည်း သိရပါတယ်။

အီးယူ-ဂျပန် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်ခံလိုက်ခြင်းအားဖြင့် ဥရောပပါလီမန်ဟာ ဘယ်စီးပွားရေးဟာတော့ ဘယ်လိုမျိုးဆိုတာကို သတ်သတ်မှတ်မှတ် လုပ်ဆောင်ဖို့တော့ လိုအပ်လာနိုင်တယ်လို့ ကျွမ်းကျင်သူအချို့က ပြောပါတယ်။

အီးယူ-ဂျပန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ဟာ နှစ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ တင်ပို့မှုများတိုးတက်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး အီးယူဘက်က ၃၄ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံဘက်က ၂၉ ရာခိုင်နှုန်း တင်ပို့နိုင်ရေးအတွက် စီစဉ်ထားပါတယ်။

အကျိုးများစေ

ဥရောပမှာ အခွန်ကောက်ခံမှုနှုန်းထားများ ဖယ်ရှားလိုက်ခြင်းကြောင့်သုံးစွဲသူတွေနဲ့ တင်သွင်းသူတွေကို တစ်နှစ်ကို ယူရိုတစ်သန်းလောက် သက်သာစေပြီး အလုပ်အကိုင်များ တိုးတက်မှုရှိအောင် ကူညီထောက်ပံ့ပေး နိုင်တဲ့အတွက် ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေအတွက် အကျိုးများစေပါတယ်။

တကယ်လို့သာ အီးယူ-ဂျပန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လုံးဝအကောင် အထည်ဖော်ဆောင်နိုင်ပါက အီးယူလယ်ယာထွက်ကုန် ၈၅ ရာခိုင်နှုန်းလောက် ဂျပန်နိုင်ငံကို တင်ပို့တဲ့နေရာမှာအခွန်ကင်းလွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။

အပြန်အလှန်သဘောတူမှု

အမဲသားလိုမျိုး အကောက်ခွန်ပေးရမယ့်ဟာမျိုးကို လျှော့ချသွားပြီးဂျပန်နိုင်ငံရဲ့ ဂုဏ်အယူရဆုံးဖြစ်တဲ့ ဆန်တင်ပို့မှုကိုတော့ အခုလို သဘောတူညီမှုမှ ဖယ်ထားတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံအနေနဲ့လည်း ဥရောပရဲ့နာမည်ရှိ ကုန်ပစ္စည်းတွေရဲ့ အမည်နဲ့အရည်အသွေးကို ကာကွယ်တဲ့အနေနဲ့ ထုတ်လုပ်ပစ္စည်း ၂၀ဝ ကျော်လောက်ကိုအသိအမှတ်ပြုပေးဖို့ သဘောတူခဲ့ရတာလည်း ရှိပါတယ်။

ဂျပန်နိုင်ငံဟာ ဥရောပမိုဘိုင်းဈေးကွက်ကိုလည်း မည်သည့်ပေးချေမှုမှမရှိဘဲ အလကားရရှိမယ်လို့ သိရပါတယ်။ အပြန်အလှန် သဘောတူညီမှုလေးတွေတော့ ရှိပါတယ်။

ဒါဟာ စီးပွားရေးပဲ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကမ္ဘာလုံးပုံစံဖြစ်လာတဲ့အပေါ်နဲ့ တခြား အီးယူကုန်သွယ်ရေး သဘော တူညီချက်တွေအပေါ် သဘောမတူတဲ့ သူတွေကတော့ ဒီအပေါ် သိပ်သဘောကျဟန်မတူပါဘူး။

သူတို့တွေ ဘယ်လိုပဲဆိုဆို မန်စထရောင်းကတော့ ကုန်သွယ်ရေးသဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဝေးလံခေါင်ဖျားတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်ရေးလုပ်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ စီးပွားရေးပဲလို့ ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ စားသုံးသူတွေက ဆုံးဖြတ်သွားကြလိမ့်မယ်လို့၎င်းက ပြောပါတယ်။ တချို့က ဒေသ ထွက်ကုန်တွေကို ကြိုက်နှစ်သက်သလို တချို့ကလည်း နိုင်ငံခြားထွက်ကုန်တွေကို ကြိုက်နှစ်သက်နိုင်ပါတယ်။ သို့သော်လည်းပဲ ဥရောပဟာ ဂျပန်နဲ့ ကုန်သွယ်မှုလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့ ဝေးလံတဲ့ သင်္ဘောလမ်းကြောင်းတွေကိုတော့ လျှော့ချသွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးဈေးကွက်တစ်ခုဖြစ်စေ

အခုလိုမျိုး ဂျပန်နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ စာချုပ်ချုပ်ဆိုနိုင်ခြင်းဟာအီးယူကို ကမ္ဘာ့အချမ်းသာဆုံး ဈေးကွက် တစ်ခုဖြစ်လာစေမှာ ဖြစ်ပါတယ်။

တစ်ဖက်ကကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံဟာ စီးပွားရေးဖွံ့ ဖြိုးမှုကို အာရုံစိုက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အခုလို အလှမ်းကျယ်တဲ့ စီးပွားရေးပုံစံကိုလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ အခုလိုမျိုး အီးယူ-ဂျပန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေခြင်းဟာနှစ်နိုင်ငံသာမက တခြားသက်ဆိုင်ရာနယ်ပယ်ကဏ္ဍများမှာပါ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်မှာ ဖြစ်ပါကြောင်း။ ။

ကိုးကား- အေအက်ဖ်ပီ