၅ ဇန်နဝါရီ
ပရီမီယာလိဂ် ပွဲစဉ် (၂၅)လက်ကျန်ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းနှင့် လီဗာပူးအသင်းတို့ အင်္ဂါနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး လီဗာပူးအသင်းအနေဖြင့် နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့သည်။
လီဗာပူးအသင်းသည် ပြီးခဲ့သည့် လက်စတာစီးတီးနှင့် ပွဲတွင် သရေရလဒ်ထွက်ပေါ်ခဲ့သလို ယခုပွဲစဉ်မှာလည်း အိမ်ရှင် ဝက်စ်ဟမ်း အသင်းကို ထပ်မံသရေရလဒ်ထွက်ပေါ်ခဲ့သည့်အတွက် ဒုတိယနေရာမှာ ဖိအားပေး ရပ်တည်နေသည့် မန်စီးတီးအသင်းနှင့် သုံးမှတ်သာ ကွာဟလာခဲ့သည်။
အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးအသင်းမှာ ပွဲချိန် ၂၂ မိနစ်တွင် မာနေး က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၂၈ မိနစ်တွင် အန်တိုနီယိုက ဝက်စ်ဟမ်းအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် အိမ်ရှင်ဝက်စ်ဟမ်းအသင်း ဂိုးမပေးရရေးအတွက် ခံစစ်ကိုအားပြု ကစားခဲ့သည့်အတွက် လီဗာပူးအသင်း ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဂိုးရရှိဖို့ အခွင့်အရေး မရရှိတော့သဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။
MDN