ဝက်လက် ၂၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ နွေနှမ်းစိုက်ခင်းအချို့တွင် နှမ်းရွက်လိပ်ပိုးနှင့် ရွက်စုံစားခူဝါကောင်များ ကျသဖြင့် နှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင် လျက်ရှိကြောင်းနှင့် အခြားမြို့နယ်များရှိ နွေနှမ်းစိုက်ခင်းများတွင်လည်း ကျရောက်မှုမရှိစေရေး သတိပြု စောင့်ကြည့်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးသီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်ထံမှ သိရသည်။
နွေနှမ်းစိုက်ခင်းများတွင် နှမ်းရွက်လိပ်ပိုးနှင့် ရွက်စုံစားခူဝါကောင်များ ကျရောက်မှုကို နှမ်းစိုက် တောင်သူများနှင့် ခရိုင်ပိုးမွှားတာဝန်ခံ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီး ပိုးမွှားကျရောက်မှု အခြေအနေများကို စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။
““ အခုပိုးမွှားကို ကာကွယ် နှိမ်နှင်းဖို့ဆိုရင် ဓာတုပိုးသတ်ဆေးကိုပြောင်းသုံးမှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် ပြောင်းပြီး သုံးခိုင်းတာ ဖြစ်ပါတယ်၊ အခုလိုပိုးသတ်ဆေးဖြန်းလိုက်ရင်တော့ ပြန်လည်ကောင်းလာမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ကလည်း ခရိုင် ပိုးမွှားတာဝန်ခံ၊ စိုက်ပျိုးရေး ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်နေတာ ဖြစ်ပါတယ်”” ဟု ဝက်လက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေနှမ်းသီးနှံ (၃၅၀၅၈)ဧကအား စိုက်ပျိုးထားကြောင်းနှင့် ၎င်းသီးနှံ များတွင် ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရန် သက်ဆိုင်ရာမြို့နယ်များသို့ သတိပေးညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


