၀မ်းနည်းဖွယ်သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ကြစို့

mdn

သတင်းဆောင်းပါး - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

 

၂၀ဝ၈ ခုနှစ် မေလ ၂ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာ သဘာဝဘေးနဲ့ပတ်သက်တဲ့ အကြီးမားဆုံး အန္တရာယ်ကြီးဖြစ်တဲ့ “နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး” တိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးကို လုံးဝ မမေ့နိုင်ခဲ့ပါဘူး။ Depression  ခေါ်တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်မှာ အစပြု သန္ဓေတည်လာခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးဟာ အားကောင်းလာပြီး မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ထူးထူးခြားခြား ဝင်လာခဲ့ပါတယ်။ ဟိုင်းကြီးကျွန်းနားအရောက်မှာ မုန်တိုင်းကြီးဟာ ငြိမ်ပြီး အားစုပြီးတာနဲ့ မြစ်ဝကျွန်းပေါ် ဒေသအတွင်းကို အလွန်ကြီးမားတဲ့အင်အားနဲ့ တိုက်ခတ်ပါတော့တယ်။ ရာသီဘေး၊ သဘာဝဘေးတွေနဲ့ပတ်သက်တဲ့ ဗဟုသုတချို့တဲ့မှု၊ အတွေ့အကြုံမရှိမှုတွေအပြင် သက်ဆိုင်ရာ တို့ကလည်း ထိထိရောက်ရောက်ကြိုတင်သတိပေးတာ၊ ကြိုတင်ကာကွယ်မှုတွေ မလုပ်ခဲ့တာကြောင့် ဒေသတွင်းလူထုဟာ မုန်တိုင်းကြီးရဲ့တိုက်ခိုက်မှုကို လည်စင်းခံခဲ့ရပါတယ်။ မုန်တိုင်းကြီးဟာ တစ်နာရီကို ၁၆၅ ကီလိုမီတာ(၁၀၅ မိုင်)နှုန်းကနေ ၂၁၇ ကီလိုမီတာ(၁၃၅ မိုင်)နှုန်းအထိ ပြင်းထန်စွာ တိုက်ခတ်ခဲ့ပါတော့တယ်။ လေတိုက်ရုံမက ရေကိုပါ ဆွဲသွားတာမို့ လေဒဏ်ရော ရေကြီးရေလွှမ်းမိုးမှုကိုပါ ခံရတယ်။ အနည်းဆုံး လူပေါင်း ၁၃၈၀ဝဝ သေဆုံးရပါတယ်။ ပျက်စီးဆုံးရှုံးရမှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ (ငွေကျပ် ၆၂၉၈၈၀ဝဝဝဝဝ)ခန့်ရှိမယ်လို့ခန့်မှန်းကြောင်း သိရပါတယ်။ အချိန်နဲ့တစ်ပြေးညီအကူအညီ မပေးနိုင်ခဲ့မှုကြောင့် ပိုမိုထိခိုက်သေဆုံးမှုတွေ၊ ဆုံးရှုံးရမှုတွေရှိနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

 

ကြီးမားလှတဲ့ ဆုံးရှုံးမှု

 

အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ အထူးသဖြင့် လူပေါင်းတစ်သိန်းခွဲလောက် သေဆုံးရတာဟာ ကြီးမား လှတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ “အဖေရယ် သမီးကိုတော့ လွှတ်မချလိုက်ပါနဲ့”ဆိုတဲ့ သတင်းလေးကို မမေ့နိုင်ပါ ဘူး။ ရွာထဲကိုရေတွေ ပေ၂၀ လောက်ဝင်လာတော့ နီးရာသစ်ပင်ပေါ်ပြေးတက်ရတယ်။ ဇနီးနဲ့ ကလေး သုံးယောက်ကိုခေါ် ပြီးတက်ရာမှာ ဇနီးသည်ကတော့ဦးဆုံးရေထဲပါသွားပါတော့တယ်။ ကလေးသုံးယောက်ကို ဖခင်ဖြစ်သူက သူ့ပခုံးပေါ်တင်ပြီး သစ်ပင်ကို  ဖက်ထားပါတယ်။  ကလေးသုံးယောက်ရဲ့ အလေးချိန်ကို ထမ်းထား၊ သစ်ပင်ကိုလည်း ဖက်ထားရတယ်ဆိုတာ မလွယ်ပါဘူး။ အပေါ်ဆုံးကကလေးဟာ ချော်ပြီးရေထဲကျ မျောပါသွား ပါတော့တယ်။ ဒုတိယကလေးကလည်း ကျသွားပြန်တယ်။ အဖေဖြစ်သူဟာ စိတ်ဆင်းရဲစွာနဲ့ ကျန်တဲ့သမီးကြီးကို ထမ်းထားရပါတယ်။ သမီးကြီးက “အဖေရယ် သမီးကိုတော့ လွှတ်မချလိုက်ပါနဲ့”လို့ ပြောလိုက်တော့ ဖခင်ဖြစ်သူဟာ အတော်စိတ်ထိခိုက်သွားပါတယ်။ “သမီးရယ်အဖေက လွှတ်ချတာမဟုတ်ပါ ဘူး” လို့ ရင်ထဲကပဲပြောနေမိလိုက်တဲ့ ဖခင်၊ မနက်လင်းတော့ ဇနီးနဲ့ ကလေး နှစ်ယောက်ရဲ့ အလောင်းတွေကို ယူကျုံးမရပြန်တွေ့ရတဲ့အကြောင်း နာဂစ်ရဲ့ရက်စက်မှုကို ဖတ်ရပါတယ်။

 

အကြီးမားဆုံး ရေလွှမ်းမိုးမှုဖြစ်နိုင်

 

မြောက်အိန္ဒိယသမုဒ္ဒရာ (North Indian Ocean) အတွင်းမှာ နှစ်စဉ် ဧပြီလမှ ဒီဇင်ဘာလအထိ Cyclone season  ခေါ် ဆိုင်ကလုန်းမုန်တိုင်းရာသီဖြစ်ပေါ်လေ့ရှိပြီး မေလမှ နိုဝင်ဘာလအတွင်းမှာ အဖြစ်အများ ဆုံးဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်က ဆိုင်ကလုန်း မုန်တိုင်းရာသီဟာ ဇွန်လ ၇ ရက်နေ့မှာစတင်ပြီး အပြင်း ထန်ဆုံးမုန်တိုင်းဟာ “ဆိုင်ကလုန်းကိုမန် (Cyclone Komen)”ဖြစ်ပြီး လေတိုက်နှုန်း ၇၅ ကီလိုမီတာနှုန်း ဖြစ်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒီမုန်တိုင်းကြောင့် မြန်မာ နိုင်ငံမှာ ဇွန်လ ၁၆ ရက်နေ့ခန့်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုတို့မှာ မိုးကြီးမှုကြောင့် ရေလွှမ်းမိုးခဲ့ပါပြီ။ လူပေါင်း၂၇ ဦးသေဆုံးပြီး လူပေါင်း ၁၅၀ဝဝဝ ခန့်တို့ ထိခိုက်ကြရ၊ လူနေအိမ်ပေါင်း ၁၇၀ဝဝဝ ခန့် ထိခိုက်ပျက်စီးမယ်လို့လည်း ခန့်မှန်းတာမို့မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ရေလွှမ်းမိုးမှုဖြစ်နိုင်မယ်ထင်ပါတယ်။ အထက်အညာဒေသများမှာ စတင်ပြီး မိုးကြီးမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်လာခဲ့ပါတယ်။ ဇူလိုင်လရဲ့ ပျမ်းမျှမိုးရေချိန်ဟာ 600 မီလီမီတာ (2 feet ) နှစ်ပေခန့် ရှိတာမို့ ရေလွှမ်းမိုး မှုများ ဖြစ်လာပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးတို့ကို သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

 

အခုနှစ်၂၀၁၉ ခုနှစ်မှာတော့ မကြုံးဖူးလောက်အောင်ကြီးမားတဲ့ ရေလွှမ်းမိုးမှုများကို မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ တွေ့ရပါပြီ။ အထူးသဖြင့်မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ သံဖြူကုန်း ရပ်ကွက်မှာ ဩဂုတ်လ ၉ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမြေပြိုမှုကြောင့် လူနေအိမ် ၁၄ လုံးခန့် ပြိုကျပျက်စီးပြီး ဩဂုတ်လ ၁၃ ရက်နေ့အထိ ၆၅ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိကြောင်း သိရပါတယ်။ အလားတူ မုတ္တမတိုက်နယ်ဆေးရုံသည်လည်း ရေနစ်မြုပ်ခဲ့ရပါတယ်။ မော်လမြိုင်နဲ့ ရေးမြို့အပါအဝင် မြို့ကြီးများသည်လည်း ရေလွှမ်းမိုးနေတာတွေ့ရပါတယ်။ အဆိုပါ ဒေသများကို ဩဂုတ်လ ၁၁ရက်နေ့က အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တာဝန်ရှိသူများ သွားရောက်ပြီး လိုအပ်သည်များကိုအမြန်ဆုံး ကူညီ ဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။ ရေလွှမ်းမိုးမှုကြောင့် မြေပြိုခြင်း၊ ရေတိုက်စားခြင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးခြင်း၊ စိုက်ပျိုးမှုလုပ်ငန်းများ ပျက်စီးခြင်း စတဲ့ဆုံးရှုံးမှုများအပြင် များလှစွာသော ဆုံးရှုံးမှုများ ဖြစ်စေပါတယ်။ ထိခိုက်ဆုံးရှုံးမှုများကိုအောက်ပါအတိုင်း ခွဲခြားသုံးသပ်နိုင်ပါတယ်။

 

ပထမဆုံးအကျိုးသက်ရောက်မှု

 

ရေလွှမ်းမိုးမှုကြောင့် သက်ရှိများ အသက်ဆုံးရှုံးခြင်း၊ အဆောက်အဦများ ပျက်စီးခြင်း၊ တာတမံများ ပျက်စီးခြင်း၊ မြို့ရွာများရှိ ရေမြောင်း၊ ရေလမ်းများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးခြင်းစတဲ့ တိုက်ရိုက် ဆုံးရှုံးမှုများကို ရင်ဆိုင်ရပါတယ်။ အထူးသဖြင့် လျှပ်စစ်ဓာတ်အားပေးစနစ်များ ထိခိုက်ပြတ်တောက်ခြင်း ကြောင့် စက်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ ထိခိုက်ရပါတယ်။ ရေနဲ့ပတ်သက်ပြီး သောက်သုံးရေ ထိခိုက်ပြတ်လပ်တာ၊ သောက်သုံးရေများ ညစ်ညမ်းကာ ကူးစက်ရောဂါများ ဖြစ်စေနိုင်ပါတယ်။ ဝမ်းပျက် ဝမ်းလျှော၊ ကာလဝမ်း၊ တိုက်ဖိုက် giadia,crytosporidum  စတဲ့ ရေမှတစ်ဆင့် ကူးစက်ပြန့်ပွားတတ်သော ရောဂါများ ဖြစ်ပွား ပျံ့နှံ့နိုင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်တာမို့၊ လူနာများသယ်ပို့ရာမှာ အထူးခက်ခဲစေပါတယ်။ ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုံးဝထိခိုက်ဆုံးရှုံးပါတယ်။ အစားအစာ များ ရှားပါးလာမှု၊ သိုလှောင်မှုများ ဆုံးရှုံးလာမှုများကြောင့် နောက်ဆက်တွဲ ပြဿနာများ၊ ငတ်မွတ်ခေါင်းပါး မှုများအထိ ဖြစ်လာနိုင်ပါတယ်။ စီးပွားရေးအရ ကြီးမားသောဆုံးရှုံးမှုများလည်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှုမှာ အဓိကဖြစ်တဲ့ သစ်ပင်များသေကျေ ပျက်စီးမှုတွေ ကြုံရမှာလည်း ဖြစ်ပါတယ်။ သတိထား သင့်တာတစ်ခုက ရေလွှမ်းမိုးမှုကြောင့် မြေနေတွင်းအောင်း သတ္တဝါများ နေစရာမရှိလို့ ထွက်လာတတ်ကြပါတယ်။ ဒါကြောင့်မြွေအန္တရာယ်ကို အထူးသတိပြုရပါမယ်။

 

ဒုတိယနှင့် ရေရှည်အကျိုးသက်ရောက်မှု

 

ရေလွှမ်းမိုးမှုရဲ့ နောက်ပိုင်းကြုံတွေ့နိ်ုင်တဲ့ ပြဿနာများစွာမှာ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုကို ဦးစွာတွေ့ရပါတယ်။ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်ရုံအလုပ်ရုံများ နာလန်မထူနိုင်အောင် ဖြစ်စေပါတယ်။ သယ်ယူပို့ဆောင်ရေး ဆိုင်ရာများလည်း ထိခိုက်တာကြောင့်စီးပွားရေး အဆောက်အဦများကို ပိုမိုအထိနာစေပါတယ်။ ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်လာမှု၊ ကုန်ဈေးနှုန်းများ ကြီးလာမှု၊ အလုပ်အကိုင်များပျက်စီးလာမှု စသည်များ ဖြစ်လာစေပါ တယ်။ ပျက်စီးဆုံးရှုံးရမှုများမှာ မိသားစုဝင်များ သေကျေဆုံးရှုံးရရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးစွာကြုံရမှာ ဖြစ်ပါတယ်။ ဥစ္စာလည်းဆုံး၊ လူလည်းဆုံးကြရရင်ပြင်းထန်သော စိတ်ထိခိုက်ကြေကွဲမှုကို တမြည့်မြည့်ခံစား ကြရပါတယ်။ မြို့ကြီးများမှာ ရေလွှမ်းမိုးရင် Chronic wet house အမြဲတမ်းစိုထိုင်းနေတတ်တဲ့ နေအိမ်များ ဖြစ်သွားတတ်ပါတယ်။ လူနေနည်းရင် ပိုဆိုးပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင် နေထိုင်သူများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားစေ နိုင်ပါတယ်။

 

အခုတွေ့ကြုံရတဲ့ မြေပြိုမှုနဲ့ရေဘေးဆိုးကြီးဟာ မျက်မှောက်ခေတ်မှာ နာဂစ်မုန်တိုင်းပြီးရင် တိုင်းသူ ပြည်သားတွေ အကာအကွယ်မဲ့ခံစားလိုက်ရတဲ့ ဘေးဆိုးကြီးဖြစ်ပါတယ်။ သေဆုံးရမှုများအပြင် မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ရေထဲမြုပ်သွားလောက်အောင် ကြုံကြရတာပါ။ ကျွန်တော်တို့နိုင်ငံမှာ သဘာဝဘေးနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုအစီအမံများ အားနည်းနေပါသေးတယ်။ ကျွန်တော်တို့ သတိရှိရပါတော့မယ်။ သဘာဝဘေး ကို မဖြစ်အောင်ကြိုတင်ကာကွယ်ဖို့  ခက်ခဲပေမယ့်ဘေးကြောင့်  ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်တွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ လူနဲ့ဥစ္စာပစ္စည်းဆုံးရှုံးမှုတွေလျော့ပါးစေအောင် ကြိုတင်စီစဉ် ကာကွယ်ထားနိုင်ပါ တယ်။ အခုလို မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်များ ထပ်မံမကြုံရစေအောင် အထူးသတိပြုဆောင်ရွက် ကြရပါမယ်။ ဆောင်ရွက်ရာမှာလည်း အားလုံးသတိရှိရှိ၊ အသိရှိရှိ လက်တွဲဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

 

မဖြစ်ပွားမီကြိုတင်ကာကွယ်ခြင်း

 

ရာသီအလိုက်ဖြစ်နိုင်ခြေရှိတဲ့ သဘာဝဘေးအလိုက်ပြည်သူများသိထားသင့်သော သဘာဝဘေးဆိုင်ရာ အချက်အလက်များ၊ ကြိုတင်ဆောင်ရွက်ထားသင့်သည်များကို အသိပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ပေးခြင်း စသည်တို့ ဆောင်ရွက်ထားရပါမယ်။ အခါအားလျော်စွာ အခြေအနေလိုက်ပြီး ကြိုတင်ရွှေ့ပြောင်းခြင်းများကိုပြုလုပ်ထား ရပါမယ်။ ကျန်းမာရေးအတွက်ဆိုရှု သောက်သုံးရေ၊ ကူးစက်ရောဂါကာကွယ်ရေး အစီအစဉ်များ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်ထားရပါမယ်။ ကယ်ဆယ်ရေး၊ အသက်ကယ်ရေးဆိုင်ရာ လိုအပ်တဲ့ အသုံးဆောင်ကိရိယာ များကို အချိန်မရွေးသုံးနိုင်အောင် အဆင်သင့်ထားပေးရပါမယ်။ သယ်ယူပို့ဆောင်ရေးဆိုင်ရာယာဉ်များကိုလည်း အဆင်သင့်ထားရပါမယ်။

 

ဖြစ်ပွားချိန်တွင်ကယ်ဆယ်ခြင်း

 

ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့များနဲ့ ပူးပေါင်း ချိတ်ဆက်အဆင်သင့်ပြင်ထားရပါမယ်။ ကယ်ဆယ်ရေး ဌာနဆိုပြီး အင်အားချည့်နဲ့နေတဲ့ ဌာနတစ်ခုလိုဖြစ်နေခဲ့ ပေမယ့် အခုအခါအချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်နေတာ တွေ့နိုင်ပါတယ်။ ချီးကျူးဖွယ်ဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်းများလည်း အလွန်ထွန်းကားတဲ့နိုင်ငံမို့တစ်နိုင်ငံလုံးက ပရဟိတသမားတွေကလည်း အမြန်ဆုံး ထိထိရောက်ရောက် လျင်မြန်စွာ ကူညီကယ်ဆယ်ပေးနိုင်နေတာ တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်ကုသပေးခြင်း၊ ဘေးကင်းရာရွှေ့ပြောင်းခြင်း တို့ကို အချိန်နဲ့တစ်ပြေးညီ အလျင်မြန်ဆုံး ဆောင်ရွက် နိုင်ကြရပါမယ်။

 

ဖြစ်ပွားပြီးနောက်ပြန်လည်ထူထောင်ခြင်း

 

ကူးစက်ရောဂါများ ကာကွယ်ကုသခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သော ပြန်လည်ထူထောင် စောင့်ရှောက်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ခြင်းတို့ လိုအပ်ပါတယ်။ ဒီနေရာမှာလည်း လူမှုရေးအဖွဲ့အစည်းများရဲ့ “အား” အများကြီးလိုအပ်ပါတယ်။ 

 

Disaster Management Cycle သဘာဝဘေးအန္တရာယ် ထိန်းသိမ်းမှုစက်ဝိုင်းကို လေ့လာရင် ကြိုတင် ဆောင်ရွက်သင့်သည်များကို တွေ့နိုင်ပါတယ်။ သဘာဝဘေးဆိုတာ အချိန်မရွေးကျရောက်လာတတ်တာမို့ သတိရှိရှိကြိုတင်စီမံထားဖို့ လိုအပ်ပါတယ်။ Pre-impact အဆိုတဲ့ အကြိုကာလမှာ Preparation  ကြိုတင် စီမံဆောင်ရွက်ဖွယ်မှန်သမျှကို ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ Event အတကယ်ကြုံတွေ့ရတာနဲ့ချက်ချင်း တုံ့ပြန်မှု Response ရရှိနိုင်အောင်အဆင်သင့်ဖြစ်နေရပါမယ်။ အရေးပေါ်အခြေအနေများကို ကောင်းစွာ ကိုင်တွယ်နိ်ုင်ဖို့က ကြိုတင်ပြင်ဆင်ထားမှု ပြည့်စုံမှုအပေါ် မူတည်ပါတယ်။ တုံ့ပြန်မှုကောင်းလေ ထိခိုက်ဆုံးရှုံးမှု သက်သာလေဖြစ်ပါတယ်။ သဘာဝဘေးနဲ့ကြုံရပြီးတာနဲ့ ပြန်လည်ထူထောင်မှုများကိုအမြန်ဆုံး ဆောင်ရွက်ရပါ မယ်။ အစိုးရဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများရဲ့အရည်အသွေးများကို အမြဲကောင်းမွန် နေစေရပါမယ်။ သဘာဝဘေးနဲ့ ကြုံရင်ထိခိုက်ဆုံးရှုံးမှုတွေ နည်းနိုင်သမျှနည်းသွားအောင် ဘေးအန္တရာယ် ရှိနိုင်တဲ့ အခြေအနေများကိုကြိုတင်ဖယ်ရှားထားခြင်းတို့ ဆောင်ရွက်ထားရပါမယ်။ Mitigation  ဆိုတဲ့ အခုလိုဆောင်ရွက်ခြင်းဟာလည်း အရေးကြီးတဲ့ ကြိုတင်ဆောင်ရွက်မှုဖြစ်ပါတယ်။ ဒါကြောင့် သဘာဝ ဘေးများကို မကြာခဏတွေ့ကြုံနေရတဲ့ ကျွန်တော်တို့နိုင်ငံမှာ ထိရောက်တဲ့ကြိုတင် ဆောင်ရွက်မှုတွေ အတော်ဆောင်ရွက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ နာဂစ်ပြီး “ကိုမန်”ဆိုတဲ့ မုန်တိုင်းမှာလည်း ပြည်သူတွေ ဘေးဒုက္ခခံကြရပါတယ်။ အခုလည်း မကြုံဖူးသေးတဲ့ မြေပြိုသေဆုံးရမှုလို အလွန်ဝမ်းနည်းဖွယ် အဖြစ်ဆိုးမျိုး ကြုံကြရပါတယ်။ နောက်နောင် အလားတူအဖြစ်ဆိုးတွေ ထပ်မကြုံကြရအောင် ကြိုတင်ဆောင်ရွက် ကာကွယ် ထားကြဖို့၊ သတိတရား ရှိရှိဖြင့် အဆင်သင့်ဖြစ်နေစေဖို့ ကြိုးစား ဆောင်ရွက်ထားသင့်ပါတယ်ခင်ဗျား။