၀မ်းသမုဒ္ဒရာ အူဂင်္ဂါနှင့်ငါးမဖမ်းရ ရာသီ

နေပြည်တော် ၂၉ မေ

ရက်ပေါင်း ၆၅ ရက် ကြာမြင့်မည့် ငါးမဖမ်းရ အမိန့်တစ်ခုကို ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် ယင်းနိုင်ငံတောင်ပိုင်း ကမ်းခြေမြို့တွင် ရေလုပ်သားများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်ဟု နိုင်ငံတကာ သတင်းတစ်ပုဒ်က ဆိုသည်။ နိုင်ငံအတွင်း ငါးသယံဇာတ ရှားပါးမှု သိသိသာသာ ဖြစ်ပေါ်လာသည့်အတွက် ငါး၊ ပုစွန်များ ပေါက်ပွားသည့် ရာသီတွင် ငါးဖမ်းဆီးမှုကို ပိတ်ပင်တားမြစ်ခြင်းအားဖြင့် ရေရှည်တွင် ငါး၊ ပုစွန်များ မျိုးသုဉ်းမှုကို လျော့ပါးသက်သာစေမည်၊ စားနပ်ရိက္ခာ ဖူလုံမှုကို အထောက်အကူ ဖြစ်စေမည်ဟု ဆိုသော်လည်း ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများ အနေဖြင့်လည်း လတ်တလောရင်ဆိုင်ကြရသည့် ၎င်းတို့၏ အခက်အခဲများကို မခံစားလိုကြ။ ရေလုပ်ငန်းရှင်များအဖို့ ၎င်းတို့၏ စီးပွားရေးထိခိုက်မည်ကို လည်းကောင်း၊ ရေလုပ်သားများကလည်း ၎င်းတို့၏ နေ့စဉ်ဘဝရပ်တည်မှုတို့ ထိခိုက်မည်ကိုလည်းကောင်း မလိုလားကြ။

ဘင်္ဂလားဒေ့ရှ်နှင့် ရေမြေဆက်စပ်နေသည့် မိမိတို့နိုင်ငံတွင်လည်း ဤနည်းနှင်နှင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းမှာ ရေချိုနှင့် ရေငန်ငါးလုပ်ငန်းဟူ၍ အပိုင်းနှစ်ပိုင်းရှိသည်။ ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းဖြစ်သည့် ရေငန်ငါးလုပ်ငန်းတွင် ကမ်းဝေးငါးဖမ်းလုပ်ငန်းနှင့် ကမ်းနီးငါးဖမ်းလုပ်ငန်းဟူ၍ရှိပြီး ကမ်းဝေးငါးဖမ်းရေယာဉ် ၃၀ဝဝ ကျော် နှင့် ကမ်းနီးငါးဖမ်းရေယာဉ် ၂၀ဝဝဝ ကျော်ရှိသည်ဟု စာရင်းများက ဆိုသည်။ ရေချိုငါးလုပ်ငန်းမှာမူ ကုန်းတွင်းပိုင်း မြစ်၊ ချောင်း၊ အင်း၊ အိုင် များတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြစ်သည်။ အဆိုပါ ငါးလုပ်ငန်းများမှ ရေထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့မှုမှာ ယမန်နှစ် ဧပြီလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ အမေရိကန်ဒေါ်လာ ၆၄၉ ဒသမ ၂၄၅ သန်းဖိုး ရှိသည်။ မိမိတို့နိုင်ငံအနေဖြင့် ရေထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ ရောင်းချမှုတွင် အိမ်နီးချင်းနိုင်ငံများ၏ ထုတ်လုပ်တင်ပို့နိုင်သည့် ပမာဏကို လိုက်မမီသေး။ သို့ရာတွင် ပင်လယ်ပြင်နှင့် ကုန်းတွင်းပိုင်း မြစ်ချောင်းအင်းအိုင်များတွင် တည်ရှိနေသည့် ငါး၊ ပုစွန်သယံဇာတတို့မှာ လွန်စွာ ယုတ်လျော့နေပြီဖြစ်သည်။

မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတ တည်ရှိမှုနှင့် သဘာဝအခြေအနေများကို လေ့လာခဲ့သည့် နော်ဝေနိုင်ငံမှ Dr. Fridjof Nansen အမည်ရှိ သုတေသနရေယာဉ်၏ လေ့လာတွေ့ရှိ ချက်များအရ မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတများသည် ၁၉၈၀ ခုနှစ် များအတွင်း တန်ချိန် ၁ ဒသမ ၇၅ သန်းရှိခဲ့ရာမှ ယခုအခါ ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပြီဖြစ်သည်ဟု ဆိုထားသည်။ နှစ်ပေါင်း ၄၀ မပြည့်မီကာလအတွင်း ယခင် အခြေအနေအောက် ၁၀ ဆ တစ်ဆသာ ကျန်ရှိတော့သည့် အခြေအနေပင်ဖြစ်သည်။ ထို့ပြင် ပင်လယ်ပြင် သား၊ ငါး လျော့နည်းရှားပါးလာသည်နှင့်အမျှ ငါးဖမ်း ပိုက်ကွက်များကိုလည်း စိပ်သည်ထက်စိပ်သည့် ပိုက်များကို သုံးစွဲလာကြခြင်း၊ ကမ်းဝေးငါးဖမ်းရေယာဉ်များက ကမ်းနီးငါးဖမ်းကွက်များသို့ ဝင်ရောက်ဖမ်းဆီးခြင်း စသည့် စည်းကမ်းပျက်လုပ်ရပ်များ ပြုလုပ်လာကြ သကဲ့သို့ ရေချိုငါးလုပ်ငန်းများတွင်လည်း သား၊ ငါး သယံဇာတ ပျက်စီးစေသည့် လုပ်ဆောင်မှု အများအပြားကို ပြုလုပ်နေကြကြောင်း သတင်းများတွင် မကြာခဏ တွေ့ရှိကြရသည်။

မြန်မာနိုင်ငံသည် ကုန်းတွင်း မြစ်ချောင်းအင်းအိုင်များနှင့် ပင်လယ်ပြင်တို့၌ ငါး ပုစွန် သယံဇာတတို့ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ မြန်မာ့ရေပြင်များတွင် သဘာဝအလျောက် ပေါက်ပွားရှင်သန်ကြသည့် ငါး၊ ပုစွန်များကို စနစ်တကျ ထိန်းသိမ်းကာ အနာဂတ်ကာလသို့တိုင် ရေရှည်စဉ်ဆက်မပြတ် စားသုံးသွားနိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်းမှာ မဖြစ်မနေဆောင်ရွက်ကြရမည့် လုပ်ငန်းလည်းဖြစ်သည်။ တစ်ဖက်တွင်လည်း ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြရသည့် ရေလုပ်သားများနှင့် ၎င်းတို့ကို မှီခိုနေကြရသည့် မိသားစုများ၏ ငါးမဖမ်းရရာသီ လုပ်ငန်းရပ်နားထားရစဉ်ကာလ စားဝတ်နေရေး ရပ်တည်နေထိုင်မှုအတွက် ကူညီထောက်ပံ့ပေးနိုင်ရန် ဆိုင်ရာဆိုင်ရာတို့က နည်းလမ်းရှာဖွေနိုင် ကြပါစေကြောင်း။

မြန်မာ့အလင်း