နေပြည်တော် ၁၃ ဖေဖော်ဝါရီ
၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် MNL ကလပ် ဧရာဝတီအသင်းတို့ ခြေစမ်းပွဲကို ယနေ့ ညနေ ၃ နာရီခွဲက YUSC ကွင်း၌ ကျင်းပရာ မြန်မာ ယူ-၂၂ အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ နည်းပြချုပ်သစ် ပိုပေါ့ဗ်၏ ပထမဆုံးပွဲတွင် မြန်မာ ယူ-၂၂ အသင်းသည် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ ပယ်နယ်တီဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် လေ့ကျင့်ပြင်ဆင်ချိန် တစ်ပတ်ကျော်တွင် ကစားသည့် ခြေစမ်းပွဲဖြစ်သောကြောင့် ခြေစွမ်းအရ အကောင်းဆုံးအနေအထား မရှိသေးသလို ကစားသမားများကိုလည်း စမ်းသပ်အသုံးပြုခဲ့သောကြောင့် ခြေစွမ်းအမှန်ကို တွေ့မြင်ရခြင်း မရှိခဲ့ပေ။
မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သည့် ယူ-၂၁ အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် ရခဲ့သည့် အမာခံကစားသမားဖြစ်သော ဝင်းနိုင်ထွန်း၊ စိုးမိုးကျော်၊ ဘုန်းသစ္စာမင်း (ဂိုး)၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင် တို့ကို ဆက်လက်အသုံးပြုခဲ့သည်။
ဧရာဝတီအသင်း၏ ပွဲထွက်လူစာရင်းတွင် လူငယ်ကစားသမားအများစု ပါဝင်ခဲ့ပြီး သီဟဇော်၊ ကျော်ဇင်လွင်၊ အောင်ကျော်နိုင်တို့က ဦးဆောင်ခဲ့ကာ ပြည်ပကစားသမားများကို အနားပေးခဲ့သည်။ ပွဲမှာ အပြန်အလှန် ရှိခဲ့သော်လည်း လူငယ်ကစားသမား အများစုပါဝင်သည့် ဧရာဝတီအသင်းသည် အတွေ့အကြုံရရေး ဦးစားပေး ကစားခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် ပထမဆုံး ခြေစမ်းပွဲဖြစ်သောကြောင့် လိုအပ်ချက်များရှိနေပြီး ပဏာမ ကစားသမား အားလုံးနီးပါး အသုံးပြုခဲ့သည်။ နှစ်သင်းစလုံး ဂိုးသွင်းခွင့်များ အသုံးမချနိုင်၍ မြန်မာ ယူ-၂၂ အသင်းက ၇၂ မိနစ်တွင် ဝင်းနိုင်ထွန်း သွင်းယူသည့် ပယ်နယ်တီဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယခုခြေစမ်းပွဲတွင် မြန်မာ ယူ-၂၂ အသင်းမှ ရန်ကုန်ကစားသမားများ ပါဝင်ကစားနိုင်ခြင်း မရှိသေးပေ။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်