၀င်ရောက်လာမယ့်သူတွေကို လူသားချင်း စာနာထောက်ထားပြီး လိုအပ်တာတွေ အပြည့်အဝ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်

နေပြည်တော် ၃၀ ဇန်နဝါရီ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်သည် ဇန်နဝါရီလ ၂၃ ရက်မှစတင်၍ အသင့်အနေအထားအဖြစ် ရှိနေပြီဖြစ်ပြီး မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည် ဝင်ရောက်လာမည့် သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းကိုလည်းကောင်း၊ ရေလမ်းမှပြန်လည် ဝင်ရောက်လာမည့် သူများအတွက် ငါးခူရ ယာယီ လက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းတို့ကို အသုံးပြု၍ စနစ်တကျ လက်ခံဆောင်ရွက်သွားမည် ဖြစ်သည်။

ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “ကျွန်တော်တို့အနေနဲ့ မောင်တောဒေသ၊ တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းမှာ ပြန်လည်ဝင်ရောက် လာမယ့်သူတွေအတွက် ထောက်ပံ့ရေးဆိုင်ရာ ကိစ္စတွေ  ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်တဲ့အခါမှာ အမျိုးသား၊ အမျိုးသမီးအလိုက် အသက် (၁၂)နှစ် အထက်၊ အမျိုးသမီးဆိုရင် အမျိုးသမီးဝတ် လုံချည်တစ်ထည်၊ စောင်တစ်ထည်၊ တီရှပ်တစ်ထည်၊ ဆပ်ပြာတစ်တုံး ထောက်ပံ့မယ်။ အမျိုးသားဆိုရင်လည်း အမျိုးသားဝတ် လုံချည်တစ်ထည်၊ တီရှပ် တစ်ထည်၊ စောင်တစ်ထည်၊ ဆပ်ပြာတစ်တုံး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးရင် ရောက်ရှိလာတဲ့ ဌာနအသီးသီးရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက် လာမယ့်သူတွေကို ကျွေးမွေးနိုင်ရေး အတွက်လည်း စားဖိုဆောင်သုံး ပစ္စည်းတွေလည်း အသင့်ရောက်ရှိပြီး ဖြစ်ပါတယ်။ အခြားအရေးပေါ်ထားမယ့်နေရာ လိုအပ်လာရင်လည်း ယာယီတဲတွေ ထိုးနိုင်ဖို့အတွက် ယာယီတဲတွေ အဆင်သင့်အားလုံး ရှိပြီးသားဖြစ်ပါတယ်။ တစ်ဖက်က ဝင်ရောက်လာမယ့်သူတွေကို လူသားချင်း စာနာထောက်ထားပြီး လိုအပ်တာတွေ အပြည့်အဝ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

MDN