၀င်ရိုးစွန်းဒေသက ပိုလာဝက်ဝံတွေ အစာရေစာ ရှားပါးမှုနဲ့ ရင်ဆိုင်နေရ

၃ ဖေဖော်ဝါရီ

 

ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ နောက်ဆက်တွဲ ပြဿနာတွေ ပိုမိုဆိုးရွားလာနေပါတယ်။ ကမ္ဘာကြီး ပူနွေးလာတာရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဝင်ရိုးစွန်းဒေသက ပိုလာဝက်ဝံတွေဟာလည်း သူတို့ရဲ့ အစာဖြစ်တဲ့ ပင်လယ်ဖျံ ဖမ်းမိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပိုလာဝက်ဝံတွေရဲ့  ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေဟာ သုတေသန ပညာရှင်တွေ ခန့်မှန်းထားတာထက် ပိုမိုမြန်ဆန်လာနေပါတယ်။

 

သိပ္ပံဂျာနယ် တစ်စောင်က ဝက်ဝံတွေ အစာထွက်ရှာလေ့ရှိတဲ့ နွေဦးရာသီမှာ အာတိတ် ဘီရူဖော့ ပင်လယ် (Beaufort Sea) မှာ နေထိုင်ကျက်စားတဲ့ ပိုလာဝက်ဝံအမ ကိုးကောင်ကို  နောက်ယောင်ခံ လေ့လာခဲ့ရာမှာတော့ သူတို့ရဲ့ ကိုယ်တွင်းဇီဝ ဖြစ်စဉ်တွေဟာ ယခင်ခန့်မှန်းတာထက် ၁ ဒဿမ ၆ ဆ ပိုမြန်လာတယ်လို့ တွေ့ရပါတယ်။

 

ဝက်ဝံကိုးကောင်အနက် ငါးကောင်က ၈ ရက်ကနေ ၁၁ ရက်အတွင်း တစ်ထွာကျော်ကျော်လောက် ပိန်ကျသွားတာကိုလည်း တွေ့ရပါတယ်။ အကြောင်းအရင်းကတော့ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်စည်းဖို့ အစားအစာ သားကောင် လုံလုံလောက်လောက် မရတဲ့ပြဿနာပဲ ဖြစ်ပါတယ်။

 

ကျန်တဲ့ ဝက်ဝံလေးကောင်ကတော့ ဆယ်ရာခိုင်နှုန်းလောက် ပိန်ကျသွားပြီး နောက်တစ်ကောင်ကတော့ ကိုယ်တွင်းသိုလှောင်ထားတဲ့ အဆီတွေအပြင် ကြွက်သားတွေပါ ပိန်လှီသွားခဲ့ကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။

 

“ယခုက ဝင်ရိုးစွန်းဝက်ဝံတွေ အစာထွက်ရှာတဲ့ ဧပြီလကနေ ဂျူလိုင်လအထိ လေးလတာရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။ အစားအစာတွေကနေ တစ်နှစ်ပတ်လုံးစာအတွက် လိုအပ်တဲ့ အဆီတွေကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားရမှာ ဖြစ်ပါတယ်” လို့ ကယ်လီဖိုးနီးကား တက္ကသိုလ်က ဒေါက်တာဘွဲ့ယူဖို့ လေ့လာနေတဲ့ အန်သိုနီ ပဂါနိုက ပြောပါတယ်။

 

ယခင်က သိပ္ပံပညာရှင်တွေဟာ ပိုလာဝက်ဝံတွေရဲ့ ဇီဝဖြစ်စဉ်တွေကို ခန့်မှန်းရာမှာ တိကျတဲ့ယူဆချက်တွေ အပေါ်မှာသာ အခြေခံခဲ့ပြီး အဆိုပါ အယူအဆဟာ မှားယွင်းနေခဲ့ပါတယ်။

 

ဥပမာအားဖြင့် ဝက်ဝံတွေက အမဲလိုက်ရာမှာ အားစိုက်ထုတ်မှုနည်းပြီး သားကောင်ကို ထိုင်စောင့်နေတယ်လို့ပဲ ယူဆခဲ့ပါတယ်။ ဒါ့အပြင် ပင်လယ်ဖျံတွေကို ဝဝလင်လင် မစားရပါက စွမ်းအင်ချွေတာဖို့ ကိုယ်တွင်းဇီဝ ဖြစ်စဉ်တွေ လျော့ချနိုင်တယ်လို့လဲ ယူဆခဲ့ကြပါတယ်။

 

“တကယ်တော့ ဝင်ရိုးစွန်းဝက်ဝံတွေဟာ ကျွန်တော်တို့ထင်တာထက် စွမ်းအင်လိုအပ်ချက် ပိုများပါတယ်။ အစာအာဟာရအတွက် ပင်လယ်ဖျံအတော်များများ စားရဖို့လိုအပ်ပါတယ်” လို့ ပဂါနိုက ပြောပါတယ်။

 

အာတိတ်ဒေသဟာ ကမ္ဘာပေါ်က တခြားနေရာတွေလိုပဲ နှစ်ဆလောက် ပူနွေးလာနေပါတယ်။ ရေခဲတွေ အရည်ပျော်တာကြောင့် ပိုလာဝက်ဝံကြီးတွေဟာ သားကောင် ဖျံငယ်လေးတွေကို ဖမ်းဖို့ တော်တော်ဝေးဝေးအထိ သွားရပါတယ်။ ဆယ်စုနှစ်အတွင်း အာတိတ်ဒေသက ပင်လယ်ရေခဲပြင်တွေ ၁၄ ရာခိုင်နှုန်းလောက် လျော့နည်းသွားခဲ့ပါတယ်။ ဒါဟာ ဝင်ရိုးစွန်းဝက်ဝံတွေရဲ့ သားကောင်ဖမ်းတဲ့ စားကျက်မြေ လျော့နည်းသွားတာနဲ့ အတူတူပါပဲ။

 

ဒါ့ကြောင့် ရေခဲပြင်တွေ အရည်မပျော်မခြင်း အစာရှောင်ရမယ့်အချိန် နွေရာသီမှာ သုံးရမယ့်စွမ်းအင်တွေ  သုံးနိုင်မှာ မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဝင်ရိုးစွန်းဝက်ဝံတွေရဲ့ အသက်ရှင် ရပ်တည်မှုဟာ ကျဆင်းလာခဲ့ပြီး ဝက်ဝံအကောင်ရေကလည်း လေးဆယ်ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

 

သုတေသနပြုသူတွေဟာ ဝက်ဝံတွေရဲ့ တည်နေရာနဲ့ ပြုမူလှုပ်ရှားပုံတွေကို ဗွီဒီယို မှတ်တမ်းတင်ပေးမယ့် လည်ပတ်တွေရဲ့ အကူအညီနဲ့ ဝင်ရိုးစွန်းဒေသက ပိုလာဝက်ဝံတွေရဲ့ ဇီဝဖြစ်စဉ် ပိုမိုနားလည် သဘောပေါက်လာခဲ့ပါတယ်။ မှတ်တမ်းတွေကတဆင့် သွေး၊ ဆီး နမူနာတွေကို အသေးစိတ် လေ့လာထားပြီး နောက်တစ်ပတ် ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအရောက်မှာ ထပ်မံလေ့လာကြပါတယ်။

 

“ပိုလာဝက်ဝံတွေ ရေခဲပြင်ပေါ်မှာ ဘယ်လိုတွေ သွားလာနေထိုင်သလဲ၊ သူတို့ရဲ့ သွားလာလှုပ်ရှားမှု ပုံစံတွေနဲ့ စွမ်းအင် လိုအပ်ချက်တွေကို လေ့လာဖို့ ကျွန်တော်တို့မှာ နည်းပညာတွေရှိနေပါပြီ။ ဒါကြောင့် ပင်လယ်ထဲက ရေခဲပြင်နဲ့ အပြောင်းအလဲတွေကြောင့် သက်ရောက်မှုတွေကိုလည်း ပိုပြီးကောင်းကောင်း နားလည်လာတော့မှာ ဖြစ်ပါတယ်”လို့ ပဂါနိုက ပြောကြားခဲ့ပါတယ်။

 

ဘာသာပြန် > မိုးမမ

ကိုးကား > အေအက်ဖ်ပီ