ကလျာမိုးမြင့်

လာမည့်ဧပြီ ၁၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အိန္ဒိယရွေးကောက်ပွဲ မတိုင်မီမှာ အဓိကနိုင်ငံရေးပါတီတွေဟာ အမျိုးသားလုံခြုံရေးကို ဘယ်သူကပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားလျက်ရှိပါတယ်။ ၂၀ဝ၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အာဏာကို ဆုပ်ကိုင်ထားခဲ့တဲ့ အတိုက်အခံကွန်ဂရက်ပါတီက လက်ရှိဘီဂျေပီ အစိုးရလက်ထက်မှာ အကြမ်းဖက်ဖြစ်ရပ်တွေ ၂၆၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး နယ်စပ်တစ်လျှောက် စစ်သွေးကြွတွေ ထိုးဖောက်စိမ့်ဝင်လာမှုဟာဆိုရင် နှစ်ဆလောက်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းလုံခြုံရေး

၎င်းရဲ့အုပ်ချုပ်မှုကာလအတွင်းမှာ စစ်သွေးကြွတွေဟာလည်း လေးဆလောက် သေဆုံးခဲ့တယ်လို့ ကွန်ဂရက်ကလည်း ဖော်ပြပါတယ်။ အိန္ဒိယအစိုးရဟာ ပြည်တွင်းလုံခြုံရေးကိစ္စရပ်နဲ့ ပတ်သက်ပြီး လေးမျိုးခွဲလိုက်ပါတယ်။ အဲဒါတွေကတော့-

၁။အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်ဖြစ်ရပ်များ

၂။အရှေ့မြောက်ဘက်ဒေသမှာဖြစ်ပွားတဲ့ ပုန်ကန်ထကြွမှုများ

၃။နေရာဒေသအများအပြားမှာ ပေါ်ပေါက်နေတဲ့ လက်ဝဲယိမ်း အစွန်းရောက်ဝါဒီများ

၄။နိုင်ငံရဲ့ ကျန်အစိတ်အပိုင်းတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုများဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ်။ သို့သော်လည်း ကွန်ဂရက်ပါတီက အခိုင်အမာ ပြောဆိုခဲ့တဲ့အချက်ဟာ အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ တစ်ခုတည်းနဲ့သာ ဆက်နွှယ်နေဟန်ရှိပြီး အိန္ဒိယရဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ သက်ဆိုင်ဟန်မရှိတာကြောင့် အဲဒီဧရိယာနဲ့ ပတ်သက်ပြီး ရရှိနိုင်တဲ့ အချက်အလက်တွေအပေါ်မှာ ပထမဆုံးဆန်းစစ်သွားရမှာ ဖြစ်ပါတယ်။

လက်နက်စွဲကိုင်ပုန်ကန်ထကြွမှု

၁၉၈၀ ပြည့်နှစ်တွေ နှောင်းပိုင်းအချိန်ကစပြီး ကက်ရှ်မီးယားဒေသမှာရှိတဲ့ အိန္ဒိယအင်အားစုတွေကို ဆန့်ကျင်တဲ့ စစ်သွေးကြွအုပ်စုတွေရဲ့ လက်နက်စွဲကိုင်ပုန်ကန်ထကြွမှုတွေ ရှိခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ဖက်စလုံးက အစ္စလာမ်ဘာသာဝင် အများစုလွှမ်းမိုးတဲ့ ကက်ရှ်မီးယားဒေသကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေပေမယ့် အဲဒီဒေသရဲ့ အစိတ်အပိုင်းအချို့ကိုသာ ထိန်းချုပ်မှုရရှိထားတဲ့ အခြေအနေဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ပြန်လည်မြင့်တက်

အိန္ဒိယက ပါကစ္စတန်မှာ အခြေစိုက်ထားတဲ့ စစ်သွေးကြွ စခန်းတစ်ခုကို ပစ်မှတ်ထားတယ်ဆိုတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလမှာတော့ နှစ်နိုင်ငံ စစ်ရေးတင်းမာမှုက အတော်လေး ပြင်းထန်လာခဲ့ပါတယ်။ အိန္ဒိယအစိုးရရဲ့ အချက်အလက်တွေအရ ကက်ရှ်မီးယား ဒေသမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ဖြစ်ရပ်တွေဟာ၂၀ဝဝ ပြည့်နှစ်အစောပိုင်းကနေ ၂၀၁၃ ခုနှစ်မတိုင်မီအထိ ကျဆင်းခဲ့ပေမယ့် မကြာသေးမီနှစ်တွေ အတွင်းမှာတော့ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

ပမာဏတူညီနေ

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ အဆိုအရ အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ၂၀၁၃ ခုနှစ်က အကြမ်းဖက်ဖြစ်ရပ် ၁၇၀ လောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၆၁၄ ခု ဖြစ်ပွားခဲ့တာကြောင့် ၂၆၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါက အတိုက်အခံ ကွန်ဂရက်ပါတီက ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းနဲ့ ထပ်တူကျနေပါတယ်။ သို့သော်လည်း လက်ရှိဘီဂျေပီအစိုးရနဲ့ အရင်ကွန်ဂရက်ပါတီ ဦးဆောင်တဲ့ အစိုးရနှစ်ရပ်လုံးရဲ့ အုပ်ချုပ်မှုကာလတစ်လျှောက် နယ်စပ်အခြေအနေကို နှိုင်းယှဉ်ကြည့်လိုက်ရင် ခြားနားချက်ကို မြင်တွေ့ရပါတယ်။ ဒီအစိုးရနှစ်ရပ်လုံးရဲ့ အုပ်ချုပ်မှုကာလတွေမှာ စစ်သွေးကြွတွေရဲ့ လှုပ်ရှားထကြွတဲ့ အတိုင်းအတာပမာဏက တူညီနေပါတယ်။

စစ်သွေးကြွများ သေဆုံးမှုအခြေအနေ

ကွန်ဂရက်ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀ဝ၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ အကြမ်းဖက်ဖြစ်ရပ်ပေါင်း ၁၇၁၇ ခုရှိပြီး ဘီဂျေပီအစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ အကြမ်းဖက်ဖြစ်ရပ်ပေါင်း ၁၇၀၈ ခု ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွက် အချက်အလက်တွေကိုတော့ ထုတ်ပြန်ဖော်ပြခြင်း မရှိသေးပါဘူး။ ကွန်ဂရက်အစိုးရအုပ်ချုပ်တဲ့ ကာလအတွင်း အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးခဲ့တဲ့ စစ်သွေးကြွအရေအတွက် ၄၂၃၉ ဦးရှိပြီး လက်ရှိဘီဂျေပီ အစိုးရလက်ထက်မှာတော့ စစ်သွေးကြွသေဆုံးမှုဟာ ၈၇၆ ဦးလို့ သိရပါတယ်။ သို့သော်လည်း ကွန်ဂရက်ပါတီက ၎င်းတို့အုပ်ချုပ်ခဲ့တဲ့ ကာလနှစ်ခုမှာ သေဆုံးခဲ့သူတွေ အရေအတွက်ကို ပေါင်းထည့်ထားတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ပြီးတော့လည်း အကယ်၍ လက်ရှိဘီဂျေပီအစိုးရလက်ထက်နဲ့ အရင်ကွန်ဂရက်အစိုးရလက်ထက်ဖြစ်တဲ့ ၂၀ဝ၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း စစ်သွေးကြွတွေသေဆုံးမှုနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် ဘီဂျေပီအစိုးရလက်ထက်အတွင်း အမှန်တကယ်အားဖြင့် စစ်သွေးကြွအရေအတွက် နောက်ထပ် ၁၂၈ ဦးမက သေဆုံးမှုရှိတာကို တွေ့ရပါတယ်။

အရေးကြီးကိစ္စရပ်ဖြစ်နေ

ဘီဂျေပီအစိုးရလက်ထက် စစ်သွေးကြွတွေ နိုင်ငံအတွင်းထိုးဖောက်စိမ့်ဝင်ဖို့ ကြိုးပမ်းမှုဟာ နှစ်ဆလောက် တိုးလာတယ်လို့လည်း အတိုက်အခံကွန်ဂရက်ပါတီက ပြောနေပါတယ်။ ဒါပေမယ့်လည်း ကွန်ဂရက်ပါတီရဲ့ တခြားဖော်ပြချက်တွေလိုပဲ ဒီအချက်အလက်တွေက ကက်ရှ်မီးယားဒေသ တစ်ခုတည်းကို ရည်ညွှန်းတဲ့ အချက်အလက်တွေ ဟုတ်မဟုတ် ဆိုတာကို အသေးစိတ် ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။ ဒီတော့ ဒီအကြောင်းအရာက အကြီးဆုံး အမျိုးသားလုံခြုံရေးအကြောင်း ကိစ္စတစ်ခုဖြစ်နေပါတယ်။

စစ်သွေးကြွအဖွဲ့တွေကဖြစ်တဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသကို ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ အိန္ဒိယက စွပ်စွဲထား ပါတယ်။ ကွန်ဂရက်ပါတီအာဏာရလာတဲ့ ၂၀ဝ၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်းမှာ ဒီလိုထိုးဖောက်စိမ့်ဝင်ဖို့ ကြိုးပမ်းမှုပေါင်း ၁၇၆၂ ခုရှိခဲ့တယ်လို့ တရားဝင်မှတ်တမ်းတွေမှာ ဖော်ပြနေပါ တယ်။ ၂၀၁၆ ခုနှစ်ကစတင်ပြီး ထိုးဖောက်စိမ့်ဝင်မှုတွေ မြင့်တက် လာတာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေကျဆင်း

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသဟာဆိုရင် လူမျိုးရေးနဲ့ ခွဲထွက်ရေးဆိုင်ရာ ပဋိပက္ခတွေ ဆယ်စုနှစ်များစွာကြာအောင် ဖြစ်ပွားလာခဲ့တာကို တွေ့ရမှာဖြစ်ပြီး အုပ်စုအမျိုးမျိုးဟာ ဒေသအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေး အပြည့်အဝရရှိဖို့အတွက် တိုက်ခိုက်နေကြပါတယ်။ သို့သော်လည်း ၂၀၁၂ မှာ အနှောင့်အယှက် အတားအဆီးတစ်ခုရှိခဲ့တာကလွဲရင် အကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားမှု ကျဆင်းခဲ့ပြီး ၂၀၁၅ ခုနှစ်ကစပြီး အကြမ်းဖက်ဖြစ်ရပ် ဖြစ်ပွားမှု ကျဆင်းခဲ့သလို အရပ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုကလည်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

မျိုးနွယ်စုတွေအတွက် တိုက်ပွဲဝင်နေ

ဒီဒေသမှာ ၁၉၉၇ ခုနှစ်ကစပြီး ဆူပူအုံကြွမှုတွေ အနိမ့်ဆုံးအခြေအနေအထိ ဖြစ်သွားတယ်ဆိုတာကို ၂၀၁၇ ခုနှစ် အချက်အလက်တွေက သက်သေခံနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ထကြွသောင်းကျန်းနေတဲ့ မော်ဝါဒီသူပုန်တွေက ၎င်းတို့ဟာ ကွန်မြူနစ်အုပ်ချုပ်မှု၊ မျိုးနွယ်စုတွေရဲ့ အခွင့်အရေးနဲ့ ကျေးလက်နေ ဆင်းရဲသား ပြည်သူတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ် တယ်လို့ ဆိုပါတယ်။

ဘီဂျေပီပါတီက လက်ယာယိမ်းအဖွဲ့တွေရဲ့ ပုန်ကန်ထကြွ မှုဟာ မကြာသေးခင်နှစ်များအတွင်းမှာ လျော့ကျသွားပြီး ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း မော်ဝါဒီသူပုန်အဖွဲ့ဝင် ၃၃၈၀ တို့ လက်နက်ချ အလင်းဝင်လာကြတယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်ဟာဆိုရင် ပြီးခဲ့တဲ့နှစ်က အင်တာဗျူး တစ်ခုမှာ ဝန်ကြီးချုပ်မစ္စတာမိုဒီ ထုတ်ဖော်ပြောကြားခဲ့တဲ့ အရေအတွက်လည်းပဲ ဖြစ်ပါတယ်။

သို့သော်လည်းပဲ ဒီကိန်းဂဏန်းအချက်အလက်တွေမှာအမှန်တကယ် တိုက်ပွဲဝင်ခဲ့တာမရှိတဲ့ လူတွေပါဝင်နေမှု ရှိ မရှိဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း ဖော်ပြမှုတွေ ရှိနေပါတယ်။ လက်ဝဲယိမ်းအဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်ဖြစ်ရပ်တွေဟာဆိုရင်လည်း ၂၀၁၄ ခုနှစ်ကတည်းက ကျဆင်းခဲ့ပြီဖြစ်ပေမယ့် အဲဒီကျဆင်းမှုက ကွန်ဂရက်ပါတီ အာဏာရလာတဲ့ ၂၀၁၁ ခုနှစ်မှာ စတင်လာတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကိုယ်တိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။  

ကိုးကား- အေအက်ဖ်ပီ၊ဘီဘီစီ