၀န်ကြီးချုပ်လောင်းလျာကို သူကလွဲပြီး အခြားသူဖြစ်လာဖို့ မထင်မိကြောင်း ပရာယွတ် ဖွင့်ဟ

ဘန်ကောက် ၁၁ ဧပြီ

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ရွေးကောက်ပွဲအပြီး အစိုးရကိုဦးဆောင်မယ့်သူဟာ သူကလွဲပြီး အခြားသူဖြစ်လာဖို့ မရှိဘူးလို့ ဧပြီ ၁၀ ရက်က ဝန်ခံပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်အခြားသူ ဘယ်သူဖြစ်လာ နိုင်မလဲဆိုတဲ့ အစိုးရအောက်လွှတ်တော်မှာ သတင်းထောက်တွေရဲ့အမေးကို သူ့မှာဖြေကြား ဖို့မရှိကြောင်း ပရာယွတ်က တုံ့ပြန် ပြောကြားခဲ့တာပါ။

လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပဖို့ အချိန်ဆွဲထားတဲ့ ရွေးကောက်ပွဲကို သတ်မှတ်ထားပြီးပေမယ့် သူ့ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင်က ပြောဆိုဖို့ တွန့်ဆုတ်နေတာလည်း ဖြစ်ပါတယ်။ လွှတ်တော်စနစ်မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေနဲ့ ၂၀၁၇ ခုနှစ် ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် တရားဝင် ထုတ်ပြန်ထားချက်တွေအရ နိုင်ငံရေးပါတီငယ်တွေနဲ့ အလယ်အလတ်အရွယ် ပါတီတွေ ဒါမှမဟုတ် အာဏာသိမ်းခေါင်းဆောင် ခန့်အပ်ထားတဲ့ လွှတ်တော်အမတ်တွေ သို့မဟုတ် နှစ်ဖက်စလုံးရဲ့ ထောက်ခံမှု ရမှာသာ နောက်လာမယ့် အစိုးရကို ဦးဆောင်ခွင့်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကတည်းက ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားခဲ့တဲ့ နိုင်ငံရေးပါတီသစ် တွေဟာ ပရာယွတ်ကို ထောက်ခံဖို့အတွက် (သို့မဟုတ်) အာဏာသိမ်းခေါင်းဆောင်ကပဲ အာဏာကို ဆက်လက်ရရှိဖို့ အတွက် ရှင်းလင်းတိကျတဲ့ အစီအစဉ်တွေ ချမှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေတွေအရတော့ နောင်လာမယ့်ဝန်ကြီးချုပ်သစ်ဟာ ပရာယွတ်ပဲဖြစ်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရ စီးပွားရေးအဖွဲ့ကို ဦးဆောင်သူ ဒုတိယဝန်ကြီးချုပ် ဆုန်ခစ် ဂျာတူသရီပီတက်ခ် ဟာလည်း ပရာယွတ်ကို နောက်ဖြစ်လာမယ့် ဝန်ကြီးချုပ်အဖြစ် ထောက်ခံသွားမယ်ဆိုတာ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

(MDN)

ကိုးကား-the nation