နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
(ယမန်နေ့မှ အဆက်)
သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက် အပေါ် အလေးအနက်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လာရောက်ဆွေးနွေးနေ ကြသည်မှာ လေးဖွဲ့မြောက်ရှိပြီဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ သုံးဖွဲ့ အပြင် ဆွေးနွေးဆဲ NCA လက်မှတ်ရေးထိုးထားခြင်းမရှိ သေးသည့် UWSA “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီအဖွဲ့မှ ဆွေးနွေးနေသည်ကိုတွေ့ရကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်မှ လက်ရှိအချိန်အထိ တစ်လျှောက်လုံး ငြိမ်းချမ်းရေးရရှိခဲ့သည့်အပြင် တပ်မတော်နှင့်လည်း စစ်ရေးပြဿနာများမရှိသည့် အဖွဲ့ဖြစ်ကာ အကြမ်းဖက် PDF များနှင့်လည်း ပတ်သက်ဆက်နွှယ် ခြင်းမရှိသည့်အတွက် UWSA နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးရလဒ်ကို လည်း များစွာမျှော်လင့်မိပါကြောင်း၊ ဆွေးနွေးဆဲ ကာလတွင် UWSA အနေဖြင့် Statement တစ်စောင်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်း။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် UWSA အနေဖြင့် ပြည်ထောင်စုပြိုကွဲရေးအတွက် ၎င်းတို့ အနေဖြင့် လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် ပြည်ထောင်စုကြီးမှလည်း မည်သည့်အချိန်မျှ ခွဲထွက်မည်မဟုတ်ဟု ကတိပေးခဲ့ကြောင်း၊ သို့သော် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို တောင်းဆို ထားသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် UWSA နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ မည်သို့သော သဘောတူညီချက်များ ရရှိထားပြီဆိုသည့် အခြေ အနေနှင့် ၎င်းတို့တောင်းဆိုချက်အပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ လိုက်လျောရန် အစီအစဉ် ရှိ/မရှိနှင့် အခြားအဖွဲ့များနှင့် မည်သို့ သော သဘောတူညီချက်များ ရရှိပြီးဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ကြေညာချက်ထုတ်ထား
ဗိုလ်ချုပ်ဇော်မင်းထွန်း က UWSP နှင့် တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ကြေညာချက် ထုတ်ထားသည်ကိုလည်း မီဒီယာများသိပြီးဖြစ်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် UWSP ဒုတိယဥက္ကဋ္ဌတို့တွေ့ဆုံရာတွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့်ပတ်သက်ပြီး တင်ပြ ခဲ့သည်များရှိကြောင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့်ဖွဲ့စည်း ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းများရှိကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဆိုပါက မည်မျှနှင့်ဖွဲ့စည်းရမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများတွင် ခရိုင် မည်မျှ ပါရှိရမည်ဆိုသည့် ကန့်သတ်ချက်များပါရှိကြောင်း၊ ယင်းတို့သည် အခြေခံဥပဒေတွင်မပါသော်လည်း အခြေခံဥပဒေကို မူလ ရေးဆွဲစဉ်ကတည်းက အခြေခံဥပဒေရေးဆွဲချိန်တွင် ဆွေးနွေးခဲ့သည့် အခြေခံအချက်အလက်များတွင် ပါပြီးဖြစ်ကြောင်း၊ ယင်းအပေါ်မူတည်ပြီး မိမိတို့ကဆောင်ရွက်ရ ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားမည် ဖြစ်ကြောင်း၊ ထိုစနစ်ကိုသွားရာတွင် အခြေခံဥပဒေ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရမည်ဆိုသည် ကို မူဝါဒအနေဖြင့် တပ်မတော်ဘက်က သဘောတူ ပြီး ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မီဒီယာတစ်ခုကိုပြောကြားပြီးဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် တိုင်းရင်းသားများဘက်မှ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုလျှင် မိမိတို့နိုင်ငံသည် ယခင်ကတည်းက ပြည်ထောင်စုအနေဖြင့်တည်ရှိခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် Holding Together နိုင်ငံဖြစ်ပြီး Coming Together နိုင်ငံမဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ခွဲမထွက်ခွင့်ဆိုသည့် အာမခံချက်ကိုတောင်းဆိုခဲ့ကြောင်း၊ ခွဲမထွက် ဆိုသည့် အာမခံချက်ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီဆိုလျှင် ဘာများထပ် တောင်းစရာလိုသေးသလဲဟု မိမိအနေဖြင့်ပြောခဲ့ ကြောင်း၊ မိမိတို့အနေဖြင့် “ဝ”ကိစ္စနှင့် ပတ်သက် လာပြီး မူဝါဒအားဖြင့် ယခုလိုပုံစံမျိုး သို့မဟုတ် ယခုလိုပုံစံမျိုးထက်ပို၍မြင့်သည့် ပုံစံမျိုးပေးနိုင်ရန် အတွက် ယေဘုယျမူဝါဒအားဖြင့် ရှိပြီးဖြစ်ပါ ကြောင်း၊ ယင်းဒေသတစ်ခုတည်းမဟုတ်ဘဲ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယခုထက်ပိုမိုဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်များကို မူဝါဒအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ မိမိ ပြောခဲ့သည့် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ဒီမိုကရေစီ စနစ်/ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် တစ်ပုံစံတည်း တစ်ထပ်တည်းမရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ လူမျိုးရေး၊ ပြည်တွင်းရေးအခြေ အနေ၊ ပတ်ဝန်းကျင်အခြေအနေတို့နှင့် လိုက်လျော ညီထွေရှိပြီး သင့်လျော်သည့် အကောင်းဆုံးဖြစ်သည့် ပုံစံလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း ဖြစ်ကြောင်း၊ ယခုလုပ်ဆောင်နေခြင်းသည် ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် ဆွေးနွေးနေခြင်း ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင်အဓိကပြဋ္ဌာန်းထားသည်မှာ ပုဒ်မ-၄၃၆ (က) (ခ)တွင် အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ၇၅ ရာခိုင်နှုန်းကျော်က (က) တွင် သဘောတူရမည် ဖြစ်ကြောင်း။
ပုဒ်မပေါင်း ၃၀၀ ခန့်ရှိမည်
ထို့နောက် ဆန္ဒခံယူပွဲပြုလုပ်ပြီး ၅၀ ရာခိုင်နှုန်း ကျော်က သဘောတူညီလျှင် ရရှိရမည်ဖြစ်ကြောင်း၊ အဆိုပါပုဒ်မများသည် ပုဒ်မပေါင်း ၃၀၀ ခန့်ရှိမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်ဝန်ကြီး ချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်း ဖြစ်သောကြောင့် ယခုအချိန်တွင် တပ်မတော်နှင့် သဘောတူညီမှုရပြီးဆိုလျှင် နောင် လွှတ်တော်တွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ တပ်မတော်က သဘောတူညီပြီးဖြစ်ကြောင်း၊ ထိုလွှတ်တော်အထဲရောက်ရှိလာမည့် လွှတ်တော် အမတ်များကလည်း သဘောတူကြမည်ဖြစ် ကြောင်း၊ ထို့ပြင် နိုင်ငံရေးပါတီများဖြင့်လည်း ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ နိုင်ငံရေးပါတီများနှင့်ဆွေးနွေးရခြင်းမှာ အဆိုပါ နိုင်ငံရေးပါတီများ က နောင်တစ်ချိန်တွင် လွှတ်တော်ဖြစ်လာကြမည် ဖြစ်သောကြောင့် ၎င်းတို့၏ သဘောထားများကို ကြိုတင်စုစည်းခြင်းများ၊ ဆွေးနွေးခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အနှစ်ချုပ်ပြောရလျှင် ပါတီစုံ ဒီမိုကရေစီစနစ်ကို အာမခံပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို အာမခံပြီး ဖြစ်ကြောင်း၊ ယင်းမူဘောင်နှစ်ခုထဲမှ ညှိနှိုင်း ဆွေးနွေးတိုင်ပင် အဖြေရှာပြီး လုပ်၍ရသမျှအရာ များကို မူဝါဒသဘောထားအရ မိမိတို့အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
One News သတင်းဌာနမှ ဦးသွင်ထူးအောင်က မကြာသေးခင်ကာလက အမေရိကန်သမ္မတသည် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားခဲ့ သည်ကို တွေ့ရကြောင်း၊ ထိုခရီးစဉ်တွင် ဂျပန်နှင့် ကိုရီးယား ပြည်သူအချို့ ဆန္ဒပြကြသည်ကို တွေ့ရ ကြောင်း၊ ထိုခရီးစဉ်တွင် အမေရိကန် သမ္မတအနေ ဖြင့် ထိုင်ဝမ်ကိစ္စနှင့်ပတ်သက်၍ ထိုင်ဝမ်ကို အကာ အကွယ်ပေးမည့်ပုံစံ ပြောကြားသွားသည်ကို တွေ့ရ ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ ရပ်တည်ချက်မည်ကဲ့သို့ရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စတွင် အမေရိကန်သမ္မတ၏ ပြောကြားချက်များကို အချို့ သတင်းများတွင် တွေ့ရကြောင်း၊ ထိုင်ဝမ်နှင့် ပတ်သက်လျှင် ယူကရိန်းနိုင်ငံနှင့်မတူဘဲ ထိုင်ဝမ်ကို အကာအကွယ်ပေးမည့် ပုံစံပြောခဲ့ခြင်းရှိကြောင်း၊ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းရှိကြောင်း၊ တရုတ် နိုင်ငံဘက်က အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မဟာဗျူဟာသဘောတရားများနှင့် ပတ်သက်ပြီး အချို့စကားလုံးများသည် ထောင်ချောက်များဖြစ်သည်ဆိုသည့် သဘောမျိုး ပြောကြားသည်ကို တွေ့ရကြောင်း။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် မဟာဗျူဟာ ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း၊ တစ်လျှောက် လုံး ထိုသို့ရပ်တည်မည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို စတင်ထူထောင်ပြီး ကြေညာသည့် နေ့တွင် အစောဆုံးအသိအမှတ်ပြုသည့် နိုင်ငံ များတွင် မြန်မာနိုင်ငံပါဝင်ကြောင်း၊ မိမိ မှတ်မိသလောက် အစောဆုံးအသိအမှတ်ပြုသည့် နိုင်ငံများက ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံဖြစ် ကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် တစ်နေ့ တည်းတွင် အချိန်ပိုင်းသာကွာပြီး အစောဆုံး အသိ အမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက တိုင် NLD လက်ထက်တွင် တရုတ်သမ္မတလာစဉ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့ တပ်မတော် သည် ထိုစဉ်ကတည်းက One China Policy တရုတ် တစ်နိုင်ငံတည်းမူဝါဒအပေါ်တွင် ပြတ်ပြတ် သားသား ရပ်တည်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း မိမိတို့မူဝါဒသည် မပြောင်းလဲကြောင်း၊ One China Policy တရုတ် တစ်နိုင်ငံတည်း မူဝါဒအပေါ်တွင် မိမိတို့ပြတ်ပြတ်သားသား ရပ်တည်မည်ဟု ပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။
Bloomberg Myanmar သတင်းဌာနမှ သတင်းထောက်ဦးမြင့်ဇော်က လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများတက်နေပြီး လျှပ်စစ်မီးများ ကလည်း ပုံမှန်မရကြောင်း၊ မိမိတို့နေ့စဉ် အသုံးပြု နေသည့် အခြေခံစားသောက်ကုန် ပစ္စည်းများက ဈေးများတက်နေကြောင်း၊ ယခုအချိန်တွင် ဘဲဥ တစ်လုံး ၃၀၀ ကျပ်ခန့်ဖြစ်နေကြောင်း၊ ဝင်ငွေ ထွက်ငွေမမျှတမှုများ ကြီးမားလာကြောင်း၊ ထိုအခြေအနေများကို နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။
ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်း
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေခြင်း နှစ်မျိုးရှိ ကြောင်း၊ နံပါတ်တစ်အနေဖြင့် ဈေးနှုန်းနှင့် ပတ်သက်ပြီး ပြောကြကြောင်း၊ နံပါတ်နှစ်အနေဖြင့် ဝယ်လို့မရဘူးဆိုပြီး ပြောကြသည်များရှိကြောင်း၊ ဈေးနှုန်းများနှင့် ပတ်သက်ပြီး နှိုင်းယှဉ်ကြည့်လျှင် အိမ်နီးနားချင်းနိုင်ငံများနှင့် အာရှတွင်းနိုင်ငံများ၏ ဈေးနှုန်းများရှိကြောင်း၊ ဆီဈေးနှုန်းတက်ခြင်းသည် တစ်ကမ္ဘာလုံးတွင် ဖြစ်နေကြောင်း၊ အာဆီယံနိုင်ငံ များ၏ ဆီဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် သိနိုင် ကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်ဆီတစ်လီတာ ၁ ဒသမ ၂ ဒေါ်လာရှိကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၃ ဒေါ်လာ၊ ထိုင်းနိုင်ငံတွင် ၁ ဒသမ ၅ ဒေါ်လာ၊ စင်ကာပူနိုင်ငံတွင် ၂ ဒသမ ၂ ဒေါ်လာ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၄ ဒေါ်လာ၊ မလေးရှား နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့တွင် ၀ ဒသမ ၄ ဒေါ်လာ၊ လာအိုနိုင်ငံတွင် ၁ ဒသမ ၆ ဒေါ်လာ၊ အင်ဒိုနီးရှား နိုင်ငံတွင် ၁ ဒသမ ၂ ဒေါ်လာ၊ ကမ္ဘောဒီးယား ၁ ဒသမ ၃ ဒေါ်လာ ထိုအာဆီယံ ၁၀ နိုင်ငံများထဲတွင် မြန်မာနိုင်ငံထက် ဈေးလျော့သည့်နိုင်ငံသည် မလေးရှားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့ ဖြစ်ကြောင်း။
ကျန်သည့်နိုင်ငံများသည် မိမိတို့ နိုင်ငံထက် ဓာတ်ဆီဈေးနှုန်းကြီးကြောင်း၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ ဓာတ်ဆီဈေးနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် တွေ့နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ဆီဈေးနှုန်း မတိမ်း မယိမ်းဖြစ်နေသည့်နိုင်ငံများ၊ ဆီဈေးကြီးသည့် နိုင်ငံများရှိကြောင်း၊ ယင်းသည် နိုင်ငံတကာတွင် ဖြစ်ပျက်နေသည့် ဆီဈေးနှုန်းများဖြစ်ကြောင်း၊ ဆီ ဈေးနှုန်းများကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး သက်သာအောင်လုပ်ပေးနိုင်သည့် နည်းလမ်း နှစ်လမ်းရှိကြောင်း၊ နံပါတ်တစ်နည်းလမ်းက ဆီနှင့်ပတ်သက်ပြီး အခွန်နှုန်းဖြစ်ကြောင်း၊ အစိုးရကလည်း ဓာတ်ဆီ ကိုမဝယ်ကြောင်း၊ ကုန်သည်များက ပဲဝယ်ယူပြီး တင်သွင်းကြောင်း၊ တင်သွင်းလာပြီး ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း၊ ဆီနှင့်ပတ်သက်ပြီး မိမိတို့အခွန်နှုန်း ကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချလုပ်ဆောင် ပေးထားကြောင်း၊ ဆီနှင့်ပတ်သက်ပြီး ကြိုက်သည့် နေရာတွင် ဝယ်၊ ဝယ်ပြီးလျှင် ဒေသအတွင်းတွင်ရှိ သည့် စင်ကာပူက MOPE ဈေးနှုန်းကို အခြေခံပြီး တွက်ချက်ကြောင်း၊ နေ့စဉ်ဖြစ်နေသည့် အခြေခံ ဈေးနှုန်းအပေါ်တွင် နံပါတ်တစ်က အခွန်ထပ်ပေါင်း ကြောင်း၊ နံပါတ်နှစ်က ပြည်တွင်းခရီးအကွာအဝေး ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ရန်ကုန်တွင်ရှိသည့် ဆီဈေးနှုန်းနှင့် မန္တလေးတွင်ရှိသည့် ဆီဈေးနှုန်း မတူနိုင်ကြောင်း၊ ခရီးအကွာအဝေးကိုကြည့်ပြီး အနိမ့်ဆုံး၊ အမြင့်ဆုံး မည်သည့်ဈေးနှုန်းဖြင့် သတ်မှတ်ရမည်ဟူ၍ ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ကမ္ဘာ့စွမ်းအင် ဆီဈေးနှုန်းမငြိမ်သက် သဖြင့် မြန်မာနိုင်ငံတွင်း ဆီဈေးနှုန်းသည် ကမ္ဘာ့ စွမ်းအင် ဆီဈေးနှင့်အညီ ဖြစ်နေမည်ဖြစ်ကြောင်း။
ဓာတ်ဆီ၊ ဒီဇယ်လုံလောက်မှုသည် ၁၆ ရက် အထိ အပြည့်အစုံ တင်သွင်းပြီးပြီဖြစ်ကြောင်း၊ သို့သော် လမ်းခရီးနှောင့်နှေး ကြန့်ကြာနိုင်ခြင်း ရှိကြောင်း၊ အချို့က အချင်းချင်းအပြစ်ပြောကြ ကြောင်း၊ ကုန်သည်အနေဖြင့် ယနေ့ပေါက်ဈေး အပေါ်မူတည်ပြီး တွက်ခြင်းဖြစ်ကြောင်း၊ တင်သွင်း လာသည့် ဈေးနှုန်းအပေါ်မယူဘဲ MOPE ပေါက်သည့် ဈေးပေါ်မူတည်ပြီး အခွန်နှင့်ပေါင်းပြီး ဈေးနှုန်းသတ်မှတ်ကြကြောင်း၊ အချို့နေရာများ တွင် နောက်နေ့ဈေးနှုန်းတက်နိုင်သည့် အယူအဆ ဖြင့် လမ်းခရီးတွင် ကြန့်ကြာနေခြင်းမျိုးရှိကြောင်း၊ ပြည်တွင်းလမ်းခရီးတွင် ကြန့်ကြာနေခြင်းမျိုး လည်းရှိကြောင်း၊ ယင်းကိစ္စများကို ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း။
ထိန်းညှိဆောင်ရွက်
သို့သော် ကုန်သည်များသည် အမြဲရှုံးနေသည် လားဆိုလျှင် အမြဲမရှုံးကြောင်း၊ ၎င်းတို့ ဝယ်လာ သည့်ဈေးနှုန်းသည် ယနေ့ပေါက်ဈေးထက်နည်း နေလျှင် မြတ်ခြင်း၊ ယနေ့ပေါက်ဈေးသည် ၎င်းတို့ ဝယ်လာသည့် ဈေးနှုန်းနှင့် မကိုက်လျှင် ရှုံးခြင်းများ လည်းရှိကြောင်း၊ ထိုအကွာအဟကြားထဲ၌ ရှုံးသည့် အချိန်တွင် အချို့ ရပ်တန့်နေခြင်းမျိုးရှိကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ယင်းကိစ္စများကို မဖြစ် အောင် ထိန်းညှိဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်များတွင် ကမ္ဘာ့ကုန်ဈေးနှုန်းများကိုလိုက်ပြီး ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် အစိုးရအနေဖြင့် အတတ်နိုင်ဆုံးအပိုင်း ဖြစ်သည့် အခွန်အနည်းဆုံး လျှော့ကောက်ခံခြင်း၊ ထိန်းညှိပေးသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Trend ဂျာနယ်မှ အယ်ဒီတာချုပ်ဦးဝဏ္ဏက KIA ခေါင်းဆောင်ဗိုလ်ချုပ်ကြီး အင်ဘန်လကို လွန်ခဲ့သည့်နှစ်ပတ်က အွန်လိုင်းစာမျက်နှာ၌ နယ်စပ်တစ်နေရာတွင် တုတ်ကောက်ကြီးဖြင့် တွေ့ရကြောင်း၊KIA ခေါင်းဆောင်ထွက်လာသည့် အတွက် တုတ်ကောက်နှင့်လည်းဖြစ်နေပြီး ကျန်းမာ ရေး မကောင်းကြောင်း၊ ယင်းကြောင့် ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်ချုပ်ဂန်ရှောင်တို့က လွှဲယူတော့မည် လား၊ KIAသည် တပ်မတော်အစိုးရလက်ထက် ကတည်းက ငြိမ်းချမ်းရေးကိစ္စများ လုပ်ဆောင်သော် လည်း ယခုထိမပါဝင်ကြောင်း၊ PDF များကို သင်တန်းပေးခြင်း၊ လက်နက်ထောက်ပံ့ခြင်းမျိုး လည်းရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်ပြီး ဗိုလ်ချုပ် တို့အနေဖြင့် မည်သို့လုပ်ဆောင်မည်လဲ ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက လူမှုကွန်ရက် စာမျက်နှာပေါ်မှ KIA ခေါင်းဆောင် အင်ဘန်လသည် တံတားတစ်ခုပေါ်တွင် တုတ်ကောက်ဖြင့် ရိုက်ထား သည့်ပုံကို အချို့တွေ့ရကြောင်း၊ အချို့က မှတ်ချက် အမျိုးမျိုးပေးကြကြောင်း၊ KIA တွင် ဂွမ်မော်တို့ကို နေရာလွှဲပြောင်းပေးမည်ဆိုသည့် သတင်းများလည်း ကြားရကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး KIA ခေါင်းဆောင် ဓာတ်ပုံရိုက်ထားသည့် တံတားသည် တရားဝင်တံတားမဟုတ်ကြောင်း၊ နယ်စပ်ဒေသ ဖြတ်ကျော်မှုများတွင် တရားဝင်တံတားများရှိ ကြောင်း၊ ထိုသတင်းကို အများကြားနေကျအတိုင်း ကြားသိရကြောင်း၊ ခိုင်လုံသည့် သတင်းဟုတ်၊ မဟုတ် မိမိတို့စုံစမ်းလျက်ရှိကြောင်း၊ ခိုင်လုံသည့် သတင်းဖြစ်လျှင် မီဒီယာများကို အသိပေးသွားမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အားပေးအား မြှောက်လုပ်နေခြင်းများကိုလည်း တွေ့ရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ မန္တလေးမြို့ တို့တွင် တွေ့လိုက်သည့် လက်နက်များသည် ယင်း အဖွဲ့အစည်းက ထုတ်နေသည့် လက်နက်များဖြစ် ကြောင်း၊ ၎င်းတို့ ကိုယ်တိုင်ဝင်ရောက်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မြောက်ဘက်၏ အောက်ပိုင်း အထိရောက်လာပြီး အကုန်လုံးက PDF များနှင့် ပူးပေါင်းကာ အဖျက်လုပ်ငန်းများလုပ်ဆောင်နေ ကြောင်း၊ သတင်းများကို ရရှိလာလျှင် ဆက်လက် ပြောပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။
Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက KNU အဖွဲ့မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တက်လိုသည့် အဖွဲ့၊ မတက်လိုသည့်အဖွဲ့ဟု သဘောထားကွဲလွဲ နေသည်ဟု ကြားသိရကြောင်း၊ ယင်းကိစ္စပေါ်တွင် KNU ဥက္ကဋ္ဌအနေနှင့် ကျန်သည့်အဖွဲ့ဝင်များနှင့် လည်း အငြင်းပွားမှုများရှိသည်ဟု ကြားသိရ ကြောင်း၊ KNU ကတက်ရောက်မည့် သူများရှိသည်ဟု ကြားသိရသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထားကို သိလိုကြောင်း၊ ကျောင်းပြန်ဖွင့်လျှင် CDM ဆရာ ဆရာမများ ပြန်လာမည်ဆိုပါက လစာဖြတ်မည်လား၊ ဖမ်းဆီး ချုပ်နှောင်ထားမည်လားဆိုသည်ကို သိလိုပါ ကြောင်း၊ အစားထိုး ဆရာ ဆရာမများကို မည်သည့် အရည်အချင်းနှင့် ခန့်ထားသည်ကို သိလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးအတွက် မည်သို့စီစဉ်ထားသည်ကိုသိလိုကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU အဖွဲ့နှင့် ပတ်သက်ပြီး မိမိတို့ ငြိမ်းချမ်းရေးဆွေးနွေးမှု မတိုင်ခင်စတင် ဖိတ်ခေါ်ခဲ့စဉ်ကပင် သတင်းကြား သိရကြောင်း၊ ၎င်းတို့လည်း ကြေညာထားကြောင်း၊ KNU အဖွဲ့ထဲ၌ မဲခွဲဆုံးဖြတ်မှုများ၊ ဗဟိုကော်မတီမှ ဥက္ကဋ္ဌသာတက်ရောက်ရန် သဘောတူပြီး ကျန်သည့် သူများ တက်ရောက်ရန် သဘောထားတင်းမာပြီး တက်ရောက်ရန် သဘောထားမတူသည့်အတွက် ကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး မတက်ရောက် ဖြစ်ဟု သတင်းကြား သိရကြောင်း၊ ယခုနောက်ပိုင်း တွင်လည်း ထပ်မံပြီး သဘောထားကွဲလွဲကြသည်ဟု ကြားသိရကြောင်း၊ ထိုသတင်းကို မိမိတို့အတည် မပြုနိုင်သေးကြောင်း၊ တက်လိုသည့် အဖွဲ့များ လည်းရှိသည်ဟု ကြားသိရကြောင်း၊ မိမိတို့အနေဖြင့် KNU အဖွဲ့မှ မဟုတ်ဘဲ ကျန်သည့်အဖွဲ့များကိုလည်း သဘောထားတစ်ခုတည်း ဖြစ်ကြောင်း၊ မိမိတို့က ဖိတ်ခေါ်ထားသည့်အတိုင်း လာရောက်မည်ဆိုလျှင် မိမိတို့အနေဖြင့် ကြိုဆိုလျက်ရှိကြောင်း၊ မိမိတို့က နံပါတ်တစ် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားကြောင်း၊ နံပါတ်နှစ် ပြည်ထောင်စု အကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
CDM ဆရာ ဆရာမများ
CDM ဆရာ ဆရာမများနှင့် ပတ်သက်ပြီး မနေ့ကလည်းထပ်မံ၍ အချိန်တိုးမြှင့်ပေးထား ကြောင်း၊ စာရင်းအရ ၅၀၀၀ ကျော် ပြန်လည်ပြီး အလုပ်ဝင်ရောက်ရန် စာရင်းတင်သွင်းထားသည်မှာ စာရင်းအရ ၅၀၀၀ ကျော်တွေ့ရကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖြေကြားပေးမည်ဖြစ်ကြောင်း၊ အစားထိုး ဆရာ ဆရာမများနှင့် ပတ်သက်ပြီး မိမိတို့က နေ့စဉ် သတင်းလည်း ထုတ်ပြန်ထားကြောင်း၊ ၎င်းတို့ကို သင်တန်းများပေးခဲ့ကြောင်း၊ သင်တန်းများပေးခဲ့ပြီး မှ ဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများ၊ ကျောင်းလုံခြုံရေးနှင့် ပတ်သက်ပြီး ယခင်နှစ်က ကျောင်းဖွင့်သည့်အချိန် ၌ မိမိတို့ဆောင်ရွက်ခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့ အစည်းများအပြင် ကျောင်းသားမိဘများ၊ ရပ်မိ ရပ်ဖများ၊ စစ်မှုထမ်းဟောင်းများလည်း ပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်ကထက် ပိုမိုလုံခြုံမှုရှိအောင် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ထို့နောက် CDM ဆရာ ဆရာမများနှင့်ပတ်သက်ပြီး ပြန်လည်ဝင်ရောက်မှု လုပ်ထုံးလုပ်နည်းများ အစားထိုး ဆရာ ဆရာမများ ကိစ္စကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အသေးစိတ် ရှင်းပြမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CDM လုပ်ပြီးပြန်လည် ဝင်ရောက်လာသည့်ဆရာ ဆရာမများကို မိမိတို့က ပြန်လည်စစ်ဆေးပြီး ခန့် အပ်ထားသည်မှာ ၅၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အားလုံးလည်း အေးအေးချမ်းချမ်းနှင့် စာသင်ကြကြောင်း၊ လစာဖြတ်ခြင်း၊ ဖမ်းဆီးချုပ် နှောင်ထားခြင်းတို့ မရှိကြောင်း၊ လိုအပ်သည့် ဆရာ ဆရာမများကို နေ့စဉ်သတင်းစာများတွင် ကြော်ငြာ ထည့်၍ ခေါ်ယူခဲ့ပြီး စာမေးပွဲစစ်ခဲ့ကြောင်း၊ မွမ်းမံ သင်တန်းများ တက်ခိုင်းပြီးမှသာ ကျောင်းများသို့စေလွှတ်ခဲ့ကြောင်း ဖြည့်စွက်ဖြေကြားသည်။
Myanmar Nation Voices မှ သတင်းထောက် ရဲလင်းထွန်းက ကျောင်းအပ်နှံရေးဆောင်ရွက်ရာ တွင် အခက်အခဲပေါင်းစုံရှိနေပါကြောင်း၊ စာသင်ခန်းကို သွားချင်သည့် ကျောင်းသား ကျောင်းသူများကို လည်း စာသင်ခန်းတွင်းမဝင်ရောက်နိုင်အောင် နည်းမျိုးစုံဖြင့် နှောင့်ယှက်နေကြပါကြောင်း၊ အကြမ်းဖက်ဟန့်တား နှောင့်ယှက်နေကြသူများကို ဖမ်းဆီးမိလျှင်စစ်ဆေးပြီး ပြစ်မှုများ ထင်ရှားလျှင် သေဒဏ်စီရင် ချမှတ်သည်ဟု သိရပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ခွင့်မရ အောင် ဟန့်တားနှောင့်ယှက်နေခြင်းမှာ အနာဂတ် အတွက် ရင်လေးဖွယ်ရာဖြစ်ပါကြောင်း၊ အစိုးရနှင့် တပ်မတော်ကိုသာ မျက်နှာလွှဲပုတ်ချနေမည့် အစား ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့ ပြည်သူများကလည်း တစ်ဖက်တစ်လမ်းက ကူညီသင့်သည့်အရေးကိစ္စဖြစ် ကြောင်း၊ အကယ်၍ ပြည်သူများက ကူညီမည်ဆို လျှင် အစိုးရနှင့် တပ်မတော်အနေဖြင့် မည်သို့မည်ပုံ စီစဉ်ပေးနိုင်မည်ဆိုသည်ကို သိလိုကြောင်း၊ ပြည်သူ များ၏ ကူညီမှုကို လက်ခံနိုင်မည်လား ဆိုသည်ကို သိချင်ကြောင်း၊ သေဒဏ်စီရင်ချက်ချခံရသည့် အကြမ်းဖက်များကို သေဒဏ်အစား အမှန်တကယ် သေမိန့်ပေးစေလိုပါကြောင်း၊ မဟုတ်လျှင် လွတ်ငြိမ်းချမ်းသာခွင့် အဆက်ဆက်များနှင့် ပြစ်ဒဏ်များပေါ့လျော့လာပြီး အချိန်တန်လွတ်မည် ဆိုသည့် အတွေးများနှင့် သေဒဏ်ပြစ်မှုကို မကြောက်လန့်ဘဲ ဆက်လက်ပြီး အကြမ်းဖက် ဖျက်ဆီးကာ နိုင်ငံတော်နှင့် ပြည်သူကို ဆက်လက် နှောင့်ယှက်နေမည်ဖြစ်ကြောင်း၊ သေဒဏ်အစား သေမိန့်ကို အမှန်တကယ်ပေးမည်လား ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ကျောင်းများလုံခြုံရေး
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ ကျောင်းများလုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုပါဝင်နိုင် မည်ဆိုလျှင် မည်သူမဆို လှိုက်လှဲစွာ ပါဝင်နိုင်သည် ဟု ပြောလိုကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းရပ်မိ၊ ရပ်ဖများလည်း ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် ရာဇဝတ်မှုများကျူးလွန်ရာ၌ ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျ ကျူးလွန်သည်များတွေ့ရကြောင်း၊ ရက်ရက်စက်စက် သတ်ဖြတ်သည်များတွေ့ရ ကြောင်း၊ ထို့ကြောင့် တရားဥပဒေဆိုသည်မှာ အားလုံးကို ညီတူညီမျှတရား စီရင်ရန်ဖြစ်ကြောင်း၊ နစ်နာသူများနှင့် နစ်နာဆုံးရှုံး အောင်ပြုလုပ်သူများ ၏ ကြားထဲတွင် မိမိတို့က မျှတသည့် တရားစီရင်ရေး ဖြစ်ရန်၊ မျှတသည့်ပြစ်မှု၊ ပြစ်ဒဏ်များဖြစ်မှသာလျှင် တရားဥပဒေထိရောက်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရ အနေနှင့် အကြမ်းဖက်မှုများကို ထိရောက်စွာ ဟန့်တားစေနိုင်သည့် အပြစ်ပေးမှုမျိုးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ပါဝင်ဆောင်ရွက် ၍ ရကြောင်း၊ ကျောင်းများ၏ လုံခြုံရေးနှင့်ပတ်သက် ပြီး ကူညီဆောင်ရွက်ခဲ့ခြင်း ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းပြင်နှင့် ကျောင်းဝင်းလုံခြုံရေးတို့တွင် ပြည်သူလူထုများ ပါဝင်လာမည်ဆိုပါက မိမိတို့ အနေဖြင့် အချိန်မရွေး လက်ကမ်းကြိုဆိုလျက်ရှိ ကြောင်း၊ မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ အချို့နေရာများ၌ ပြည်သူလူထုပါဝင် သည့်လုံခြုံရေးစနစ်နှင့် ကာကွယ်ရေးစနစ်ဟု ပြော ခဲ့ကြောင်း၊ အချို့ဒေသတွင် လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ပြီး ပြည်သူ့စစ် များနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ နယ်တွင်ဖြစ်စေ၊ မြို့ပေါ်တွင်ဖြစ်စေ၊ လုံခြုံရေးအဖွဲ့ များ၊ ပြည်သူ့စစ်အဖွဲ့များနှင့် ပူးပေါင်းပြီး ပါဝင် ဆောင်ရွက်သွားမည်ဆိုလျှင် အသိအမှတ်ပြုပါ ကြောင်းနှင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။
မြန်မာသံတော်ဆင့် သတင်းဌာနမှ သတင်းထောက် ဦးကိုကိုကြီးက တပ်မတော်အနေ ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးပြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကိုယ်တိုင် NCA လက်မှတ်ထိုးထားသော အဖွဲ့များ၊ မထိုးရသေး သောအဖွဲ့များနှင့် တွေ့ဆုံခြင်းများကို နိုင်ငံပိုင် သတင်းစာများတွင် တွေ့ရကြောင်း၊ တစ်ချိန်တည်း တွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ပြုလုပ်ထားသည်ကိုလည်း တွေ့ရ ကြောင်း၊ ထိုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ်၍ အပစ်အခတ်ရပ်စဲထားသည့်အချိန်တွင် ကရင် ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သေဘော့ဘိုးစခန်းကို KNU နှင့် အပေါင်းအပါအဖွဲ့များက သိမ်းပိုက်ခဲ့သည် ဟု သိရပါကြောင်း၊ ယခုအခါ တပ်မတော်နှင့် နယ်ခြားစောင့် BGF တပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်နေသည်ကိုလည်း သိရှိရကြောင်း၊ သေဘော့ဘိုးစခန်း၏ နောက်ဆုံးဖြစ်စဉ် အခြေ အနေကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းစခန်းသည် ယခင်က တပ်စုအဆင့်အင်အား တပ်စွဲခဲ့သည့်စခန်း ဖြစ်ကြောင်း၊ ရန်သူမှအင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး တပ်မတော်ဘက်မှလည်း ပြန်လည်ချေမှုန်းခဲ့ကြောင်း၊ ရန်သူဘက်တွင် တော်တော်များများ အထိနာကြောင်း၊ မိမိတို့ဘက် တွင်လည်း ဒဏ်ရာရရှိသူများ၊ ပျောက်ဆုံးသူများ လည်းရှိပါကြောင်း၊ တပ်မတော်အနေဖြင့် လိုအပ် သည့်နေရာများတွင် စစ်ဆင်ရေးများ ဆောင်ရွက်နေ ကြောင်း၊ စစ်ဆင်ရေးကိစ္စဖြစ်သည့်အတွက် လိုအပ် သည့်နေရာများတွင် လိုအပ်သောလုံခြုံရေး ဆောင်ရွက်မှုများ၊ လိုအပ်သောစစ်ဆင်ရေး ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းကိုသာ မိမိ အနေဖြင့် ဖြေလိုကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
နေပြည်တော် Online သတင်းဌာနမှ အယ်ဒီတာချုပ်ဦးမင်းမောင်က မိမိအနေဖြင့် မေးခွန်းမမေးမီ အကြံပြုတင်ပြချက်တစ်ခု တင်ပြ လိုကြောင်း၊ တရားဝင်စစ်ဆေးပြီး ဖွင့်လှစ်ခွင့်ရရှိ ထားသည့် ကိုယ်ပိုင်ကျောင်းများ အချိန်နှင့် တစ်ပြေးညီ ပြန်လည်ဖွင့်လှစ်ခွင့်ကို နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန်ပေးစေလိုကြောင်း၊ ကျောင်းသားများ အချိန်မီအပ်နှံနိုင်ရေး၊ နယ်ဝေး နေရာမှနေပြည်တော်သို့ လာရောက်အပ်နှံမည့် ကျောင်းသားများသည် အဆောင်ငှားရမ်းခြင်း ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ၌ အခက်အခဲ များစွာ ကြုံတွေ့ရကြောင်း၊ အဆိုပါ အခက်အခဲများ အဆင်ပြေစေရေးအတွက် ကျောင်းဖွင့်လှစ်ခွင့်အား အမြန်ဆုံး ထုတ်ပြန်ကြေညာပေးစေလိုကြောင်း၊ ၂၀၂၁ ပညာသင်နှစ်တွင် CDM မပြုလုပ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်အောက် တွင် စည်းကမ်းလိုက်နာပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဆရာ ဆရာမများသည် သင်တန်း တက်ရောက်ခွင့် မရရှိခဲ့ကြကြောင်း၊ အဆိုပါ ဝန်ထမ်းများသည် အလုပ်လက်မဲ့ဖြစ်သွားကြောင်း၊ ကျောင်းတစ်ကျောင်းတွင် ဆရာ ဆရာမ အနည်း ဆုံး ၂၀ ဖြစ်ကြောင်း၊ ကျောင်း ၁၆ ကျောင်းတွင် ၃၂၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားသည်ဟု သိရ ကြောင်း၊ အဆိုပါ ဆရာ ဆရာမများအား ဆက်လက် တာဝန်ထမ်းဆောင်နိုင်စေရန် ပညာရေး ဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြန်လည်ခွင့်ပြု ပေးနိုင်ပါရန် အကြံပြုတင်ပြအပ်ပါကြောင်း၊ မိမိ မေးလိုသည်မှာ နေပြည်တော်ကောင်စီနယ်မြေတွင် ပိတ်သိမ်းရန်စိစစ် ဆောင်ရွက်နေသော ပုဂ္ဂလိက ကျောင်းများ မည်မျှပိတ်သိမ်းပါမည်နည်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပုဂ္ဂလိက ကျောင်းအချို့ကို ပိတ်သိမ်းရန် ရှိ/မရှိ၊ ရှိပါကလည်း ထိုကျောင်းများ၏အမည်ကို နိုင်ငံပိုင်သတင်းစာ၊ မီဒီယာများမှ အချိန်နှင့်တစ်ပြေးညီ တရားဝင် ထုတ်ပြန်ပေးရန် ရှိ/မရှိနှင့် အဘယ့်ကြောင့်ပိတ်သိမ်း ရသည့်အကြောင်းကို သိလိုပါကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိသိရှိသရွေ့ပြောရ လျှင် နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းတချို့ ပိတ်သိမ်းရခြင်းသည် နိုင်ငံရေးနှင့် မလွတ်ကင်း သည်များ ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ အကြံပြုချက်များကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဆက်လက် တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကိုယ်ပိုင်ကျောင်းများဖွင့်မည်ဆိုပါက ဦးစွာ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လျှောက်ထားရကြောင်း၊ သတ်မှတ်ချက်များနှင့် ညီ/မညီ ပညာရေးဝန်ကြီးဌာနက စစ်ဆေးပြီး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များက ထောက်ခံချက်ပေးရကြောင်း၊ ထို့နောက် အခြေခံပညာဦးစီးဌာနသို့ရောက်ရှိကြောင်း၊ ထိုမှ တစ်ဆင့်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူ၍ ခွင့်ပြု ပေးခြင်းဖြစ်ကြောင်း၊ ဆရာ ဆရာမများ ခန့်အပ် ခြင်း၊ မခန့်အပ်ခြင်းသည် သက်ဆိုင်ရာကိုယ်ပိုင် ကျောင်းများ၏ မူဝါဒပင်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် စွက်ဖက်ခြင်းမရှိကြောင်း ဖြည့်စွက် ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)