ရန်ကုန်  ၂၁  ဇန်နဝါရီ

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၀၂) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီ ရင်ပြင်တော် ရာဟုထောင့် ချမ်းသာ ကြီးတန်ဆောင်း၌ ကျင်းပသည်။

 

582

 

ရှေးဦးစွာ (၁၀၂) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင် ဖြေဆိုအောင်မြင် တော်မူကြသည့် သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့် သံဃာတော်များ၏ ဆွေမျိုးတော်များက ရွှေတိဂုံစေတီတော်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။

 

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့  သြဝါဒါစရိယ ရန်ကင်းမြို့နယ် ဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိကျောင်း ဆရာတော်ဘဒ္ဒန္တဂုဏေသနထံမှ ဂေါပက အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 

96

 

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးထွန်းထွန်းဦး က ပူဇော်ပွဲကျင်းပရခြင်းအကြောင်း ဂုဏပူဇာမင်္ဂလာလျှောက်ထားလွှာကို ဖတ်ကြား လျှောက်ထားသည်။

 

ထို့နောက် (၁၀၂) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက် မေးပွဲတွင် သီးခြားစာချတန်းအောင် သံဃာတော် ၂ ပါးဖြစ်သည့် စစ်ကိုင်းမြို့ သောတာပန်ရပ် မြစကြာကျောင်းတိုက်မှ အရှင်ကဝိနန္ဒာလင်္ကာရဘိဝံသနှင့် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းမှ အရှင်ဇယဒိသာလင်္ကာရာဘိဝံသတို့အား စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယ ဂဏဝါစကဘွဲ့ကိုလည်းကောင်း၊ သီးခြားစာသင်တန်းအောင် သံဃာတော် ၈ ပါးဖြစ်ကြသည့် စစ်ကိုင်းမြို့ သောတာပန်ရပ် မြစကြာကျောင်းတိုက်မှ အရှင်ဆေကိန္ဒာလင်္ကာရ၊ အရှင်ဆေကိဿရာလင်္ကာရ၊ အရှင်နေပုညာလင်္ကာရ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းမှ အရှင်နန္ဒဝံသ လင်္ကာရ၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်မှ အရှင်စက္ကိန္ဒာလင်္ကာရ၊ စစ်ကိုင်းမြို့ ကနားတော်ရပ် မဟာသိမ်တော်ကျောင်းမှ အရှင်အဂ္ဂဝေဒါလင်္ကာရ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဘာဏကကျောင်းမှ အရှင် အရိန္ဒမနှင့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသုဝဏ္ဏ မေတ္တာကျောင်းမှ အရှင်ဝိစာရတို့အား စေတိယင်္ဂဏအဘိဝံသဘွဲ့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်နှင့် ဂေါပကအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်ကြသည်။

 

96

 

ယင်းနောက် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များအား ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာပဏ္ဍိ၊ သ.စ.အ ဓမ္မာစရိယ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

သတင်း-ကိုကိုဇော်

ဓာတ်ပုံ-ဇော်မင်းလတ်