ရန်ကုန် ဒီဇင်ဘာ ၄
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်များ၊ စေတိယင်္ဂဏနာယက သြဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်၊ စာမဆရာတော် များ၊ စာဖြေသံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က အဖွင့်မင်္ဂလာစကားလျှောက်ထားသည်။
ထို့နောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ နာယက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ ထံမှသြဝါဒကထာ နာယူကြသည်။
စေတိယင်္ဂဏစာလျှောက်မေးပွဲကို ၁၃၄၅ ခုနှစ် (၆၇)ကြိမ်မြောက်ကာလမှ စတင်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တာဝန်ယူကျင်းပခဲ့ရာ ယခု (၁၀၃)ကြိမ်မြောက် ရှိပြီဖြစ်သည်။
ယခင်(၁၀၂)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီခြားစာချတန်းမှ (၂)ပါးနှင့် သီးခြား စာသင်တန်းမှ(၈)ပါး၊ စုစုပေါင်းသံဃာတော် (၁၀)ပါးတို့ အောင်မြင်တော်မူခဲ့သည်၊၊ ယခုနှစ် (၁၀၃)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်း၌ (၃၃)ပါး၊ သီးခြားစာသင်တန်း၌(၈၉)ပါး စုစုပေါင်း (၁၂၂)ပါးတို့ စာရင်းပေးသွင်းထားကြကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်