ရန်ကုန် နိုဝင်ဘာ ၁၉
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၀၄) ကြိမ်မြောက် စေတီယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်စာမေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် ကြီးများ၊ စေတိယင်္ဂဏနာယကဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက် စာမဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ စာလျှောက်မေးပွဲ ဝင်ရောက် ဖြေဆိုရန် ကြွရောက်တော်မူလာကြသည့် စာဖြေသံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညို ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထာဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသ ထံမှ ဂေါပက အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် စေတီယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဘိုးသင်းက အဖွင့်စကားလျှောက်ထားသည်။
ထို့နောက် စေတီယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဩဝါဒါစရိယ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ သ.စ.အ ဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသထံမှ စာလျှောက် မေးပွဲနှင့်စပ်လျဉ်း၍ ဩဝါဒါခံယူကြသည်။
စေတီယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကို ၁၃၄၅ ခုနှစ် (၆၇) ကြိမ်မြောက် ကာလမှစ၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တာဝန်ယူကျင်းပခဲ့ရာ ယခုဆို (၁၀၄)ကြိမ်မြောက် ရှိပြီဖြစ်သည်။
ယခင် (၁၀၃)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်းမှ (၃)ပါးနှင့် သီးခြား စာသင်တန်းမှ (၂)ပါး စုစုပေါင်း သံဃာတော်(၅)ပါးတို့ အောင်မြင်တော်မူခဲ့ကြ သည်။ ယခုနှစ် (၁၀၄)ကြိမ်မြောက် စာလျှောက်မေးပွဲကို ယနေ့မှ နိုဝင်ဘာ(၂၅)ရက်အထိ ကျင်းပမည်ဖြစ်ရာ သီးခြားစာချတန်း၌ အပါး(၃၀)၊ သီးခြားစာသင်တန်းမှ (၁၈၉)ပါး စုစုပေါင်း (၂၁၉)ပါး တို့ စာရင်းပေးသွင်းထားကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)