ရန်ကုန် နိုဝင်ဘာ ၂၅
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော် ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို) သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်း၊ ဒုတိယဥက္ကဋ္ဌ များနှင့် YMBA အသင်းသားများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ တက်ရောက်လာကြသူများက အမျိုးသားအောင်ပွဲနေ့ သြဝါဒ ကထာကို နာကြားကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ စည်သူ ဦးစိုးသိန်းက ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံ ပြည်ထောင်စုဝန်ကြီး ဇေယျကျော်ထင် စည်သူ ဦးမောင်မောင်အုန်းက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် မရှိခဏ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ စည်သူ ဦးစိုးသိန်းကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇထံ တိုင်းမှူး ဇေယျကျော်ထင် ဗိုလ်ချုပ်ဇော်ဟိန်းက လည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံ အဘိဓဇ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဥက္ကဋ္ဌ ဦးရဲထွန်းက ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့် ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ဘွဲ့ခံဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့က ဘွဲ့ရဆရာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်များထံ ဘွဲ့တံဆိပ်များ ဆက်ကပ်ချီးမြှင့်ကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဥက္ကဋ္ဌက လက်ခံရယူသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းဥက္ကဋ္ဌက အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းကို ပြောကြားပြီး တာဝန်ရှိသူများက လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များကို ချီးမြှင့်ကြသည်။ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကို ၁၉၀၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ကို တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် နှစ်စဉ် ကျင်းပခဲ့ရာ ၂၀၂၄ ခုနှစ်တွင် (၁၀၄)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း၏လုပ်ငန်းစဉ်မှာ “အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာကိုအားပေးပါနှင့် YMBA ၏ ဆောင်ပုဒ်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာနှင့် နိုင်ငံ့အရေး အတွက် အမြဲအသင့်ရှိနေ YMBA” ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


