ကျွန်းစု    ၉   ဖေဖော်ဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၄)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဖြင့် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူးကြီးကြပ်ဆောင်ရွက်မှုဖြင့် အမျိုးသားလေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ မွန်းလွဲ ၅ နာရီခွဲအချိန်က ကျွန်းစုမြို့နယ်ခန်းမ ဗိုလ်ချုပ်အရှေ့ရင်ပြင်၌ ဖွင့်လှစ်ကျင်းပသည်။

 

ဖွင့်လှစ်ရာတွင် ကျွန်းစုမြို့နယ်အားကစားမှူး ဦးရဲကျော်သူက "တစ်သင်းနှင့်တစ်သင်းယှဉ်ပြိုင်ကစားရာတွင် ပညာနဲ့သာ ယှဉ်ပြိုင်ကြရန်နှင့် ခိုက်ရန်ဖြစ်ပွားမည့်စကားများ ပြောဆိုခြင်းမပြုလုပ်ကြစေရန်" ဟု အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားပြီး မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းက လူငယ်များ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် မူးယစ်ဆေးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကို စတင်ကျင်းပခဲ့ကြသည်။

 

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၃)သင်း၊ ပြိုင်ပွဲဝင်ကစားသမား(၇၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ တစ်နေ့(၅)ပွဲနှုန်းဖြင့်  ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

 

DSC00