မူဆယ် ၂၁ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်တွင် ဒေသခံများ ရပ်ကွက်/ ကျေးရွာအတွင်း ပုံမှန်အတိုင်း သွားလာနေပြီး ဈေးရောင်းဈေးဝယ်သူများမှာ ပုံမှန်ရောင်းဝယ် ဖောက်ကားလျက်ရှိကြောင်း သိရသည်။
သြဂုတ်လအတွင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာတချို့တွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်ထိတ်လန့်မှုများရှိခဲ့ပြီး ယနေ့တွင် သွားလာမှုများ ပုံမှန်ဖြစ်လာကာ အရောင်းအဝယ်များလည်း ပုံမှန်ပြန်လည် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့သည်ရက်တွေတုန်းကတော့ ရက်ကွက်ထဲနှင့်လမ်းမပေါ်တွေမှာ လူတွေအသွားအလာ နည်းသွားပြီး မော်တော်ယာဉ်တွေလည်း အသွားအလာမရှိသလောက် ဖြစ်သွားတယ်။ ပြီးတော့ ဈေးဆိုင်ခန်းတွေလည်း ည(၈)နာရီလောက်ဆိုပိတ်ကြတယ် ။ အခုတော့အားလုံးပုံမှန်အနေအထား အတိုင်းပါပဲ” ဟု ဒေသအတွင်း ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသူ ဦးမြင့်သူကပြောသည်။
ဆက်လက်၍ (၁၀၅)မိုင်မှ ဆိုင်ရှင်တစ်ဦးကလည်း “ကျွန်မက ကုန်ခြောက်တွေရောင်းတာပါ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတဲ့ သတင်းကြားတာနဲ့ လူတွေက အသွားအလာနည်းသွားတယ်။ ဈေးဆိုင်လည်း စောစောပိတ်နေရတဲ့အတွက် အရောင်းအဝယ်တော့ ကျသွားတာပေါ့။ အခုတော့ နယ်မြေအခြေအနေက ပြောသလောက် ဆိုးဆိုးဝါးဝါးကြီး မဟုတ်တော့ပါဘူး။ လူတွေလည်း သွားလာတာများလာပြီ။ ဈေးဆိုင်တွေလည်း တော်တော်များများ ပြန်ဖွင့်ရောင်းချနေပြီ ဆိုတော့ ရောင်းဝယ်အား အနည်းငယ်တော့ ပြန်ကောင်းလာပါတယ်” ဟုဒေါ်ဂျာဘောကပြောသည်။
သန့်စင်(မူဆယ်)


