ရွှေဘို ၁၀ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဉီးဆောင်မှုဖြင့် (၁၀၅)ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ မဟာဘုံကထိန် ပွဲတော်အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ်မြောက်  ရွှေဘို မီးပုံးပျံလွှတ်တင်ခြင်းပြိုင်ပွဲ (ပထမ)နေ့အခမ်းအနားကို ယမန်နေ့ည ၇နာရီက ရွှေဘိုမြို့  အမှတ်(၃)ရပ်ကွက် ရန်ကြီးအောင် ပြည်သူ့အားကစားကွင်း၌ စည်ကားစွာ ကျင်းပခဲ့သည်။

 

ရှေးဉီးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ဒေါ်ချူးချူး(ခ)ဒေါ်တင့်တင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လာရောက်ကြည့်ရှုအားပေးကြသည့် အနယ်နယ်အရပ်ရပ်မှ ပရိသတ်များအား ရွှေဘိုမြို့ပေါ်ရှိ ခေတ်ပေါ်တေးဂီတ ဂီတဥယျာဉ်အဖွဲ့မှ တေးသီးချင်းများဖြင့် ဧည့်ခံဖျော်ဖြေပြီး ရွှေဘိုမြို့ရှိ ကျောင်းသားကျောင်းသူလေးများက ပထမနေ့ မီးပုံးပျံငယ်အလုံး(၁၅၀)ကို တပြိုင်တည်းလွှတ်တင်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်ပြီး  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က  မီးပုံပျံကြီး(၁)လုံးအား အောင်မြင်စွာ လွှတ်တင်ခဲ့ပြီးနောက် ရွှေဘိုမြို့ ရပ်ကွက်ပေါင်း(၁၀)ရပ်ကွက်မှ ပြိုင်ပွဲဝင်မီးပုံပျံများကို ဆက်လက်လွှတ်တင် ပြိုင်ပွဲဝင်ကြရာ ပထမဉီးဆုံး အမှတ်(၆)ရပ်ကွက်ကိုယ်စားပြု မီးပုံးပျံကြီးကို အန္တရာယ်ကင်းရှင်းစွာ အိုးစည်ဒိုးပတ်အကအလှများဖြင့် ကပြဖျော်ဖြေ၍ လွှတ်တင်နိုင်ခဲ့ပြီး ရုတ်တရက် မိုးရွာသွန်းမှုကြောင့် ကျန်ရှိသော ပြိုင်ပွဲဝင်မီးပုံပျံကြီးများကို ဆက်လက်လွှတ်တင်နိုင်ခြင်းမရှိဘဲ ပထမနေ့အခမ်းအနားကို  ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

အလားတူ ဒုတိယအကြိမ်မြောက် ရွှေဘို မီးပုံးပျံလွှတ်တင်ခြင်းပြိုင်ပွဲ (ဒုတိယ)နေ့ကို ယနေ့ ညနေ့(၅)နာရီ မှစတင်ပြီး   အဆိုပါ ရန်ကြီးအောင် ပြည်သူ့အားကစားကွင်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မီးပုံးပျံကြီးအလုံးရေ ကိုးလုံး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယခုနှစ်၏ထူးခြားချက်မှာ ပွဲအတွင်း LED မီးများဖြင့် အလှဆင်ပြသထားခြင်းဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)

 

dfe