ရန်ကုန်၊ ဇန်နဝါရီ ၁၉
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၆) ကြိမ်မြောက် စေတိယင်္ဂဏ စာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် သံဃာတော် (၁၃) ပါးအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက် ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏ နာယက ဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုပူဇော်ကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓမ္မဘဏ္ဍာ ဂါရိက အဂ္ဂမဟာပဏ္ဍိတ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက (၁၀၆) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော် (၅) ပါးနှင့် သီးခြားစာသင်တန်းအောင် သံဃာတော် (၈) ပါးတို့အား ထုံးတမ်းအစဉ်အလာများနှင့်အညီ အောင်စဉ်အလိုက် ဘွဲ့တံဆိပ်၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ၊ စေတိယင်္ဂဏနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇေတိကဓဇ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ ပါဠိပါရဂူ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော် သံဃာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


