ရန်ကုန် ၁၄ နိုဝင်ဘာ

 

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အာဆီယံအရည်အသွေး အာမခံချက်ဆိုင်ရာ ကွန်ရက် (ASEAN Quality Assurance Network - AQAN)နှင့် ဂျာမနီအစိုးရကိုယ်စား လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်သည့် (Deutsche Gesellschaft fur Internationale Zusammenarbeit - GIZ)အဖွဲ့တို့ ပူးပေါင်းပြီး (၁၀)ကြိမ်မြောက် ဒေသဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေးကဏ္ဍ မူဝါဒဆွေးနွေးပွဲကို ယနေ့ နံနက် နာရီက ရန်ကုန်မြို့ Wyndham Grand Yangon Hotel ကျင်းပသည်။

 

efwe

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့် အာဆီယံအရည်အသွေး အာခံချက်ဆိုင်ရာ ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ တီဘာစာရုဒင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီး မစ္စတာ သောမက်စ်ကာလ်နိုင်ဇင်ကာတို့က အမှာစကားများ ပြောကြားကြသည်။

 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ဆက်လက်ကျင်းပရာ အာဆီယံဒေသတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ အရည်အသွေးတိုးမြင့်စေရန်အတွက် အရည်အသွေး တိုးတက်မှုနှင့် အရည်အသွေးအာမခံချက်ရရှိရေး လေ့ကျင့်ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

 

ထို့နောက် (၁၀)ကြိမ်မြောက် ဒေသဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေးကဏ္ဍ မူဝါဒဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို အဆိုပါ ဟိုတယ်၌ ပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

 

eg4g

 

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရေးနှင့် အလုပ်သမားရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ဒေသတွင်းမှ သက်ဆိုင်သူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေးကဏ္ဍ မူဝါဒဆွေးနွေးပွဲသို့ တက်ရောက်လာသူများသည် နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ သက်မွေးပညာ လေ့ကျင့်ရေးကျောင်းများဖြစ်သော စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်းနှင့် စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းများသို့ သွားရောက်လေ့လာခဲ့ကြောင်းသိရသည်။

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ အရည်အသွေး ပြောင်းလဲတိုးတက်စေရေး၊  ဒေသတွင်း အရည်အသွေး အာမခံချက်ရှိစေရေးနှင့် အသိအမှတ် ပြုရေးတို့သည် ပညာရေးဆိုင်ရာ အာဆီယံလုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) တွင် ဦးစားပေးကဏ္ဍများအနေဖြင့် ပါရှိပြီး ထိုလုပ်ငန်း အစီအစဉ်၏ ရည်ရွယ်ချက်များ၊ ညွှန်းကိန်းများနှင့် ကိုက်ညီမှု ရှိစေရန်အတွက် အာဆီယံမူဝါဒ ချမှတ်သူများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများသည် ဒေသဆိုင်ရာ အရည်အသွေး မူဘောင်များ၊ လမ်းညွှန်ချက်များကို သတ်မှတ်နိုင်ရန်၊ သင်ကြားမှု ရလဒ်များအား အရည်အသွေး တိုးမြင့်စေရန်နှင့် အာဆီယံဒေသတွင်း အရည်အသွေးနှင့် ကျွမ်းကျင်မှုများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရေးအတွက် အခြေခံအုတ်မြစ်များ ချမှတ်နိုင်ရန်အတွက် အစပျိုးလုပ်ဆောင်မှု အများအပြားကို ဆောင်ရွက်ခဲ့ကြကြောင်း ယနေ့အခမ်းအနားမှ သိရသည်။

 

သတင်း-မင်းသစ်(MNA) ရီရီမြင့်/ဓာတ်ပုံ-ဇော်မင်းလတ်