ဖယ်ခုံ ၁၄ အောက်တိုဘာ
၂၀၁၈ ခုနှစ်၊ (၁၀)ကြိမ်မြောက် ကေ့ကျိထျာဒေသ ကယားလီဖု မျိုးနွယ်စုရိုးရာ စုပေါင်းအဲဒိုပေါ်မီပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုင်းဖြတ်(ထက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မိုင်းဖြတ်(ထက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တသုမင်္ဂလက အဖွင့်သြဝါဒစကား ဟောကြားပြီး ကယားအမျိုးသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးပလူးရယ်က ကယား လီဖုရိုးရာသမိုင်းဖြစ်စဉ် အကြောင်းကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်တို့က အားပေးအမှာ စကားကိုလည်းကောင်း၊ ဦးနျားရယ်မြမောင်က ကယားလူမျိုး ဆင်းသက်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ ကယားလီဖု လူငယ်ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးပိုးရယ်ခူးတလေက လူငယ်အခန်းကဏ္ဍ အကြောင်းကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်၍ အဲဒိုမီပွဲတော်အတွက် ကျင်းပခဲ့ရာ ယဉ်ကျေးမှု အကပြိုင်ပွဲ၊ ရိုးရာဒီးကူထုပ်ပြိုင်ပွဲ ကယားစာပေ စကားပြေပြိုင်ပွဲ၊ စပါးထောင်းပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ၊ ရိုးရာနပန်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ ဆုရရှိသူများနှင့် ကယားလီဖုမျိုးနွယ်စုမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ချီးမြင့်ခဲ့သည်။
ထို့နောက် မိုးဗြဲကျောင်းထိုင်ဆရာတော် ဖာသာဒဲရယ်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဲဒိုပေါ်မီပွဲတော်သည် ကယားလူမျိုးတို့၏ အထွတ်အထိပ် အထင်ကရ အထိမ်းအမှတ် နေ့ထူးနေ့မြတ်ဖြစ်ပြီး ရှေးယခင်ကတည်းက ကျင်းပခဲ့သော ရိုးရာပွဲတော်ဖြစ်ကြောင်း သိရှိရသည်။
စုပေါင်းအဲဒိုပေါ်မီပွဲတော် အခမ်းအနားသို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ကက်သလစ်ဘုန်းတော်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကယားအမျိုးသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာ အသီးသီးမှ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြောင်း သတင်းရရှိသည်။
ကိုထွေး(ဖယ်ခုံ)